Apple ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက iPad Pro တွေကို 11-inch နဲ့ 12.9-inch ဆိုပြီး ၂ မျိုးပဲ ထုတ်လုပ်နေခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက်လည်း iPad Pro တွေဟာ M2 Chip နဲ့ Apple Pencil ပိုင်း Feature အသစ်တွေပါဝင်လာတာကလွဲပြီး အပြင်ဘက်ဒီဇိုင်းကတော့ အရင်အတိုင်းပြောင်းလဲခြင်းမရှိခဲ့ပါဘူး။

ဒါပေမယ့် Apple ဟာ လာမယ့် ၂၀၂၄ ခုနှစ်မှာတော့ iPad Pro တွေကို ဒီဇိုင်းပိုင်း ပြောင်းလဲမှုအသစ်တွေ ပြုလုပ်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။ အဓိကပြောင်းလဲမှုအနေနဲ့ကတော့ Display ပိုင်းဖြစ်ပြီး လက်ရှိထက် အနည်းငယ်ပိုကြီးမားတဲ့ 11.1-inch နဲ့ 13-inch ဆိုပြီး မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Display အနည်းငယ်ပိုကြီးလာမယ့်အပြင် အဆိုပါ iPad Pro ၂ မျိုးစလုံးဟာ OLED Display ကို အဆင့်မြှင့်တင်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ Apple ဟာ 12.9-inch iPad Pro အတွက် mini-LED Display ကို အသုံးပြုနေပြီဖြစ်ပေမယ့် 11-inch iPad Pro ကတော့ LCD Display ကိုပဲ အသုံးပြုနေတုန်းဖြစ်ပါတယ်။ ဒါကြောင့် 11-inch iPad Pro အတွက်ကတော့ အခုလို OLED Display ကို အဆင့်မြှင့်တင်လိုက်တာက ကြီးမားတဲ့အားသာချက်တစ်ခုဖြစ်လာနိုင်ပါတယ်။

အဆိုပါသတင်းတွေကိုတော့ Display Analyst တစ်ဦးဖြစ်တဲ့ Ross Young ကနေ ပြောကြားခဲ့တာဖြစ်ပြီး သူ့ရဲ့ ပြောကြားချက်အရ Apple ဟာ 14.1-inch iPad ကို မိတ်ဆက်ဖို့အစီအစဥ်ကို ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ယခုနှစ်အတွင်းမှာ 16-inch iPad Model အသစ်ကို Apple ကနေ မိတ်ဆက်သွားဖို့ရှိဦးမယ်ဆိုပြီး သတင်းထွက်ရှိထားတဲ့အတွက် iPad တွေက ဘယ်လိုမျိုး အပြောင်းအလဲဖြစ်လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena