၂၀၂၁ ခုနှစ်အတွက် iPhone တွေကိုတောင် မကြေညာရသေးပါဘူး။ ဒါပေမယ့် ၂၀၂၂ ထွက်မယ့် iPhone တွေရဲ့ သတင်းတွေ စထွက်လာနေပါပြီ။ Apple အရေး လေ့လာဆန်းစစ်တဲ့ နေရာမှာ နာမည်ကြီးတဲ့ Ming-Chi Kuo က ၂၀၂၂  ထုတ် iPhone တွေနဲ့ ပတ်သက်ပြီး ကြိုတင်ခန့်မှန်းမှုတွေ ပြုလုပ်လိုက်ပါတယ်။

၂၀၂၂ ထုတ် iPhone တွေအတွက် မော်ဒယ် ၄ မျိုး ထုတ်လုပ်မှာ ဖြစ်ပြီး မျက်နှာပြင် အရွယ်အစားကတော့ ၆.၁ လက်မနဲ့ ၆.၇ လက်မ ၂ မျိုးပဲ ရှိမယ်လို့သိရပါတယ်။ iPhone နာမည်တွေက iPhone 14 , iPhone 14 Max ,  iPhone 14 Pro နဲ့ iPhone 14 Pro Max တို့ ဖြစ်ကြပါတယ်။ iPhone 14 Max ကို ဒေါ်လာ ၉၀၀ အောက်နဲ့ ရောင်းနိုင်ပြီး Apple ရဲ့ ဈေးအသက်သာဆုံး ၆.၇ လက်မ iPhone ဖြစ်လာနိုင်ပါတယ်။

iPhone 14 ရဲ့ အမိုက်ဆုံး လုပ်ဆောင်ချက်တစ်ခုက Apple ဖန်တီးထားတဲ့ Under-display Touch ID ဖြစ်ပြီး Pro မော်ဒယ်တွေရဲ့ အနောက်ဘက်မှာ 48MP ကင်မရာ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ ဒါ့အပြင် တခြား ဟာ့ဒ်ဝဲတွေလည်း တော်တော်တိုးတက်လာမှာ ဖြစ်ပါတယ်။

Kuo က iPhone 12 mini ဟာ ရောင်းအား မကောင်းတဲ့အတွက် ၂၀၂၁ ခုနှစ်ထုတ် iPhone 13 mini နဲ့ နိဂုံးချုပ်သွားမှာ ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ iPhone 14 mini မထွက်လာတော့ဘူးလို့ အရင်က သုံးသပ်ထားပါတယ်။ အခုခတ်မှာ အရွယ်ကြီး စမတ်ဖုန်းတွေကိုပဲ လူကြိုက်များနေတဲ့အတွက် iPhone mini Series ကို အဆုံးသတ်လိုက်တာ ကောင်းတယ်လို့ ဆိုရမှာပါ။

Ref : gsmarena