လက်ရှိစမတ်ဖုန်းစျေးကွက်ဟာ Foldable စမတ်ဖုန်းတွေအပြင် 5G စမတ်ဖုန်းတွေကလည်း အပြင်းအထန်ကိုပြိုင်ဆိုင်လာကြတာဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံတွင်းမှာ 5G စမတ်ဖုန်းရောင်းအားနဲ့ ထုတ်လုပ်မှုဟာ သိသိသာသာကို မြင့်တက်လာတာပါ။

အခုလည်း နာမည်ကြီး Analytics ကုမ္ပဏီတစ်ခုဖြစ်တဲ့ Canalys ကနေ ယခုနှစ်အတွင်းမှာ 5G စမတ်ဖုန်းအလုံးရေ ၂၇၈ သန်းအထိ ရောင်းချဖို့ရှိနေတယ်ဆိုပြီး ခန့်မှန်းခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းတွေရဲ့ ၆၂ ရာခိုင်နှုန်းဖြစ်တဲ့ ၁၇၂ သန်းကျော်က တရုတ်နိုင်ငံတွင်းမှာတင်ရောင်းချရမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ realme ကနေ မိတ်ဆက်ထားတဲ့ realme V3 5G စမတ်ဖုန်းဟာ ပထမဆုံးအနေနဲ့ ဒေါ်လာ ၁၅၀ (တရုတ်ယွမ်ငွေ ၁,၀၀၀) အောက် 5G ဖုန်းဖြစ်လာခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း 5G စမတ်ဖုန်းတွေဟာ အခုထက်ပိုပြီး စျေးနှုန်းကျဆင်းလာဖို့ရှိနေပြီး MediaTek အပြင် Qualcomm ကလည်း Budget 5G Chipset တွေကို ထုတ်ပေးသွားတော့မှာဖြစ်ပါတယ်။

လာမယ့် ၂၀၂၁ ခုနှစ်မှာလည်း 5G စမတ်ဖုန်းရောင်းအားဟာ တကမ္ဘာလုံးမှာပိုများလာမှာဖြစ်ပြီး စုစုပေါင်းအလုံးရေ ၅၄၄ သန်းအထိ ရောင်းချရမှာဖြစ်ပါတယ်။ Huawei ဟာ 5G စမတ်ဖုန်းတွေကို အဓိကထုတ်လုပ်နေတဲ့ စမတ်ဖုန်းကုမ္ပဏီဖြစ်နိုင်ပေမယ့် နောက်ပိုင်းမှာတော့ Xiaomi ၊ OPPO နဲ့တခြားသောကုမ္ပဏီတွေက ပိုပြီးထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ Europe နဲ့ တခြားသောအနောက်ပိုင်းနိုင်ငံတွေမှာတော့ Apple နဲ့ Samsung တို့ကပဲ 5G စမတ်ဖုန်းစျေးကွက်ကို ဦးဆောင်ထားမှာဖြစ်ပါတယ်။

Ref – GSM Arena