Apple ဟာ iPhone 12 နဲ့ 12 Pro အတွက် MagSafe Battery Pack ကို ရောင်းချပေးလိုက်ပြီ ဖြစ်ပါတယ်။ MagSafe Battery Pack ဟာ iPhone 12 ကို အားသွင်းပေးနိုင်တဲ့ Power Bank ၁ ခု ဖြစ်ပါတယ်။ MagSafe Support ပါတဲ့အတွက် ကြိုးတွေနဲ့ ဖုန်းကို ချိတ်ဆက်ပြီး အားသွင်းဖို့ မလိုပါဘူး။ Battery Pack ကို ဖုန်း အနောက်ဘက်မှာ သံလိုက်နဲ့ ချိတ်ဆက်ကာ ကြိုးမဲ့အားသွင်းနိုင်ပါတယ်။ MagSafe Battery Pack ကို Wireless Charging Pad အနေနဲ့လည်း အသုံးပြုနိုင်ပြီး Battery Pack ကို အားသွင်းထားရင် 15W အမြန်နှုန်းအထိ အားသွင်းပေးပါတယ်။

ဒါပေမယ့် MagSafe Battery Pack ဟာ မျှော်လင့်ထားသလောက် မကောင်းတဲ့အတွက် မဝယ်ယူဖို့ အကြံပေးချင်ပါတယ်။ အဖက်ဖက်မှာ Third-party တွေထက် အားနည်းနေပါတယ်။ ဒီဆောင်းပါးမှာ MagSafe Battery Pack ကို မဝယ်ယူသင့်တဲ့ အကြောင်းအရင်း သုံးချက်ကို ပြောပြချင်ပါတယ်။

၁။ အားသွင်း အမြန်နှုန်း နှေးခြင်း။

MagSafe Battery Pack ဟာ သင့် iPhone ကို 5W အောက်နဲ့ပဲ အားသွင်းပေးနိုင်ပြီး ပူလာရင် အားသွင်းနှုန်း ပိုနှေးလာပါတယ်။ ဂိမ်းကစားရင်း အားသွင်းဖို့လည်း အဆင်မပြေပါဘူး။ Third-party Magnetic Power Bank တွေတောင် 7W နှုန်းနဲ့ အားသွင်းပေးနိုင်ပါတယ်။

Charging Pad အနေနဲ့သုံးရင် Apple က 15W အထိ ကြိုးမဲ့ အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် Max Tech က Battery Pack ကို အားသွင်းထားရင်တောင် 9W လောက်ပဲ အားသွင်းနှုန်း ရှိတယ်လို့ စမ်းသပ်ထားပါတယ်။

၂။ Third-party တွေထက် Battery ပမာဏ နည်းခြင်း။

Apple MagSafe Battery Pack ဟာ ပါးလွှာပြီး အရွယ်အစား ကျစ်လစ်ပါတယ်။ အဲဒီအတွက် Battery ပမာဏလည်း နည်းပါးပါတယ်။ MagSafe Battery Pack မှာ 1,460mAh ပဲပါလာပြီး Third-party တွေထက်တောင် နည်းနေပါတယ်။

iPhone 12 နဲ့ 12 Pro မှာ 2,815mAh Battery ပါတဲ့အတွက် MagSafe Battery Pack က အားအပြည့် မသွင်းပေးနိုင်ပါဘူး။ Max Tech ရဲ့ စမ်းသပ်ချက်အရ ၅၀ ကနေ ၆၀ ရာခိုင်နှုန်းအတွင်းပဲ အားသွင်းပေးနိုင်တယ်လို့ သိရပါတယ်။

၃။ ဈေးကြီးခြင်း။

Apple MagSafe Battery Pack ကို ၉၉ ဒေါ်လာ သတ်မှတ်ထားတဲ့အတွက် ပြိုင်ဖက်တွေထက် ဈေးကြီးနေပါတယ်။ Anker ရဲ့ 5,000mAh Magnetic Battery Pack တောင် ၄၅.၉၉ ဒေါ်လာပဲ ရှိပါတယ်။ Anker ရဲ့ Battery Pack က Apple MagSafe Battery Pack လောက် ဒီဇိုင်း မလှပေမယ့် ဈေးထက်ဝက်လောက်သက်သာသလို Battery ပမာဏကလည်း ပိုများပါတယ်။

အနှစ်ချုပ်

Apple MagSafe Battery Pack ဟာ Apple ရဲ့ ပထမဆုံး Power Bank ဖြစ်ပေမယ့် မျှော်လင့်ထားသလောက် မကောင်းပါဘူး။ Apple ဟာ အပူလွန်ကဲတဲ့ ပြဿနာကို ဖြေရှင်းပေးရမှာ ဖြစ်သလို အားသွင်းနှုန်းနဲ့ Battery ပမာဏကို ပိုတိုးတက်အောင် ပြုလုပ်ပေးသင့်ပါတယ်။

Ref : makeuseof