Covid-19 ကြောင့် လူတွေ အိမ်မှာအနေများလာတဲ့အတွက် လူမှုကွန်ရက်တွေကို အသုံးပြုမှု အရမ်းများလာကြပါတယ်။ ၂၀၂၀ ခုနှစ်မှာ Ohio State University Wexner Medical Center ရဲ့ စစ်တမ်းအရ အမေရိကန် လူမျိုး ထက်ဝက်ကျော်ဟာ လူမှုကွန်ရက် အမူအကျင့်တွေ ပြောင်းလဲသွားကြပါတယ်။ ဘယ်လိုတွေ ပြောင်းလဲသွားသလဲ ဆိုတာ အောက်မှာ ဆက်လေ့လာကြည့်ပါ။

၁။ လူမှုကွန်ရက် အသုံးပြုမှု များလာခြင်း။

AdColony ရဲ့ စစ်တမ်းအရ လူမှုကွန်ရက် သုံးစွဲသူ ၆၁ ရာခိုင်နှုန်းဟာ အရင်ကထက် Covid-19 ကပ်ရောဂါ ကာလမှာ ပိုမို အသုံးပြုလာတယ်လို့ သိရပါတယ်။ Social Distancing ကြောင့် လူတွေ နေအိမ်ကနေ အလုပ်လုပ်လာကြရတဲ့အတွက်လည်း ဒီလို များလာတာပါ။ YouTube သုံးစွဲမှုဟာ လူငယ်တွေကြားမှာ ပိုများလာပါတယ်။ လူမှုကွန်ရက်တွေကနေ ဆက်သွယ်ကြရတဲ့အတွက် Facebook နဲ့ WhatsApp အသုံးပြုမှုလည်း များလာပါတယ်။

၂။ Covid-19 သတင်းအတုတွေ များလာခြင်း။

United Nations ရဲ့ စစ်တမ်းအရ လူမှုကွန်ရက်တွေမှာ ဗိုင်းရက်စ်နဲ့ ပတ်သက်တဲ့ သတင်းအတုတွေ များလာပါတယ်။ လူမှုကွန်ရက်တွေကလည်း အဲဒီသတင်းအတုတွေကို တားဆီးဖို့ ကြိုးစားလာကြရပါတယ်။ ဥပမာ ပြောရရင် ဗိုင်းရက်စ် မကူးအောင် ကြက်သွန်ဖြူ စားရမယ်ဆိုတာလိုမျိုး သတင်းတွေ ဖြစ်ပါတယ်။ အရီဇိုးနားက စုံတွဲ ၁ တွဲဟာ ဗိုင်းရက်စ် မကူးအောင် Chloroquine ဆေးကို သောက်ပြီးနောက် အိပ်ယာထဲလဲသွားကြပါတယ်။ အဲဒီအတွက် လူမှုကွန်ရက်တွေက ဗိုင်းရက်စ်နဲ့ ပတ်သက်တဲ့ သတင်းတိုင်းကို မယုံကြည်သင့်ဘဲ သေချာစစ်ဆေးသင့်ပါတယ်။

၃။ လူမှုကွန်ရက်တွေဟာ ဟက်ကာတွေရဲ့ ပစ်မှတ် ဖြစ်လာခြင်း။

Startups Magazine က Covid-19 ကာလမှာ ဆိုင်ဘာ ရာဇဝတ်မှုဟာ ၆၀၀ ရာခိုင်နှုန်းတောင် တက်လာတယ်လို့ ဆိုပါတယ်။ ၂၀၂၀ ခုနှစ်မှာ အွန်လိုင်းကနေ ခိုးယူ လိမ်လည်မှုကြောင့် ဒေါ်လာ ၁ ထရီလီယမ် ပါသွားတယ်လို့ သိရပါတယ်။ နေအိမ်ကနေ အလုပ်လုပ်မှု များလာတဲ့အတွက် လူမှုကွန်ရက်တွေဟာ ဟက်ကာတွေရဲ့ ပစ်မှတ် ဖြစ်လာပါတယ်။ လူတော်တော်များများဟာ လူမှုကွန်ရက်တွေမှာ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ထည့်သွင်းထားကြပါတယ်။ ဟက်ကာတွေက အဲဒီသတင်းအချက်အလက်တွေကို ရယူပြီး ဘဏ်အကောင့်တွေ ခိုးတာ၊ သင့် ကွန်ပြူတာကို ထိန်းချုပ်တာတွေ ပြုလုပ်နိုင်ကြပါတယ်။ တချို့ကလည်း လူမှုကွန်ရက်တွေကနေ Phishing Scams နည်းလမ်းနဲ့ ခိုးယူနေပါတယ်။ အဲဒီအတွက် သင့် ကွန်ပြူတာ၊ ဖုန်းတွေရဲ့ Operating System ကို အမြဲတမ်း Update လုပ်တာ၊ အားကောင်းတဲ့ Password တွေ သုံးတာလို ကာကွယ်ရေး အစီအမံတွေ လုပ်ထားသင့်ပါတယ်။

၄။ စိတ်ဖိစီးမှု‌ များလာခြင်း။

လူမှုကွန်ရက်တွေဟာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ အသုံးဝင်ပါတယ်။ ဒါပေမယ့် အားနည်းချက်က စိတ်ဖိစီးမှုတွေများလာတတ်တာပါ။ ကျန်းမာရေး ပညာရှင်တွေက လူမှုကွန်ရက် သုံးတာ အရမ်းများလာရင် စိတ်ဖိစီးမှု များလာမယ်လို့ သတိပေးထားကြပါတယ်။ လူမှုကွန်ရက်မှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ပို့စ်တွေ အများကြီးရှိသလို ငွေကြေးချမ်းသာသူတွေရဲ့ ပိုင်ဆိုင်မှုတွေ၊ စားတာ၊ သောက်တာတွေကြည့်ကာ သင် သူတို့လို မနေနိုင် မစားနိုင်လို့ စိတ်ဖိစီးမှုတွေ ရလာမှာပါ။ Chester County Hospital ရဲ့ စစ်တမ်းအရ လူမှုကွန်ရက် အကောင့် ၇ ခုနဲ့ အထက် ရှိသူတွေဟာ ၂ ခုလောက်ပဲ ရှိသူတွေထက် စိတ်ဖိစီးမှု ၃ ဆ ပိုများတယ်လို့ သိရပါတယ်။ အဲဒီအတွက် လူမှုကွန်ရက်ကို အလွန်အကျွံ မသုံးသင့်ပါဘူး။

လူမှုကွန်ရက်ဟာ ဘဝ ၁ ခု မဟုတ်ပါဘူး။

လူမှုကွန်ရက်တွေဟာ ခေတ်သစ် လူနေမှုဘဝမှာ အဓိက ကျပြီး အလုပ်တွေလည်း လုပ်နိုင်သလို ဖျော်ဖြေရေးများစွာ ရှိပါတယ်။ Covid-19 ကြောင့် လူမှုကွန်ရက် သုံးစွဲတာ များလာတဲ့အတွက် ဆိုးကျိုးတွေလည်း ရလာပါတယ်။ လူမှုကွန်ရက်ဟာ သင့် ဘဝ ၁ ခု မဟုတ်ပါဘူး။ ကပ်ရောဂါ ကာလမှာ တခြား စိတ်အပန်းဖြေစရာများစွာရှိပါတယ်။

Ref : makeuseof