Google ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက Pixel 4a စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီး လာမယ့်နှစ်ကုန်ပိုင်းမှာလည်း Pixel 4a 5G နဲ့ Pixel 5 ဖုန်းတွေကို မိတ်ဆက်သွားဖို့ ရှိနေတယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Pixel 4a 5G နဲ့ Pixel 5 ဖုန်းတွေရဲ့ ဓါတ်ပုံအပြင် Specification အသေးစိတ်ပေါက်ကြားလာခဲ့ပါပြီ။

Google Pixel 5 စမတ်ဖုန်းဟာ Pixel 4a 5G နဲ့ ယှဥ်မယ်ဆိုရင် အနည်းငယ်သေးငယ်နေမှာဖြစ်ပြီး Screen Size အနေနဲ့ 5.8″ ဝန်းကျင်ပဲရှိမယ်လို့ သိရပါတယ်။ Performance ပိုင်းအနေနဲ့ကတော့ Snapdragon 765G Chipset ၊ 8GB RAM ပါဝင်မှာဖြစ်ပြီး 90Hz Refresh Rate OLED Display ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ 0.5x Ultrawide Sensor နဲ့ 12.2MP Primary Sensor ပါဝင်မှာဖြစ်သလို Front Selfie Camera အနေနဲ့လည်း 8MP Sensor ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

ဒါပေမယ့် Pixel 5 ဖုန်းမှာထူးခြားတဲ့အချက်ကတော့ Battery ပဲဖြစ်ပြီးတော့ 4000mAh Battery ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါက Google Pixel ဖုန်းတွေထဲမှာ အများဆုံးဖြစ်သလို Pixel 4a 5G ထက်တောင် ပိုပြီး Battery ပမာဏများနေပါသေးတယ်။ ဒါ့အပြင် နောက်ကျောဘက်ကိုလည်း Fingerprint Sensor ပါဝင်တဲ့ Plastic Back အသုံးပြုထားတယ်လို့ သိရပါတယ်။ 3.5mm Audio Jack ကတော့ ပါဝင်မှာမဟုတ်ပါဘူး။

Pixel 4a 5G အနေနဲ့ကတော့ Screen Size အရ Pixel 5 ထက် ပိုကြီးမှာဖြစ်ပြီး အနည်းဆုံး 6.2″ OLED Display ကို အသုံးပြုထားမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့်လည်း 90Hz Refresh Rate ကိုတော့ Support ပြုလုပ်မှာမဟုတ်တော့ပါဘူး။ Performance ပိုင်းမှာတော့ Snapdragon 765G Chipset ကိုပဲ အသုံးပြုထားပေမယ့် RAM 6GB ပဲပါဝင်မှာဖြစ်ပါတယ်။

Camera ပိုင်းမှာတော့ Pixel 5 လိုမျိုးပဲ 12.2MP Primary Sensor အပြင် Ultrawide Sensor ကိုပါ ထည့်သွင်းလာမှာပါ။ Selfie Camera အနေနဲ့ကတော့ 8MP Sensor ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Battery အနေနဲ့ကတော့ 3800mAh Battery ပဲ ပါဝင်မှာဖြစ်ပေမယ့် 3.5mm Audio Jack ပါဝင်မှာဖြစ်ပါတယ်။ Fingerprint Sensor ကိုလည်း နောက်ကျောဘက်မှာပဲ ထည့်သွင်းထားပြီး Plastic Body ကိုပဲ အသုံးပြုလာမှာပါ။

Pixel 4a 5G စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့ကတော့ $499 ကနေ စတင်ရောင်းချသွားမှာဖြစ်ပြီး Pixel 5 ကိုတော့ $600 ကနေ $700 ကြားရောင်းချသွားမယ်လို့ ခန့်မှန်းရပါတယ်။ အခုထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ Pixel 5 စမတ်ဖုန်းဟာ Battery ပိုင်းနဲ့ Wireless Charging ၊ IP68 လိုမျိုး Water Resistant Feature တွေမှာပဲ Pixel 4a 5G ထက် ပိုကောင်းနိုင်မယ်လို့ ယူဆရပါတယ်။

Ref – 9to5Google