Honor V40 ကို ဒီလထဲမှာ မိတ်ဆက်မယ်လို့ မျှော်လင့်ထားကြပါတယ်။ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နေပြီဖြစ်တဲ့ ဒီအမှတ်တံဆိပ်ဟာ နှစ်သစ်မှာ သူတို့ရဲ့ အပြောင်းအလဲဖြစ်ပြီးနောက် ပထမဆုံး ထုတ်ကုန်သစ်ကိုမိတ်ဆက်ရမှာလည်း ဖြစ်ပါတယ်။

ပေါက်ကြားထားတဲ့ Render ပုံရိပ်တွေနဲ့ သတင်းတွေကြောင့် Honor V40 ဟာ ဘယ်လိုမျိုးလဲဆိုတာ အတော်များများ သိနှင့်ပြီးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် တရားဝင်မိတ်ဆက်ခြင်းမပြုရသေးတဲ့ ဒီစမတ်ဖုန်းနဲ့ပတ်သက်ပြီး သိစရာအကန့်တွေ၊ အခန်းတွေက အများကြီးကျန်နေပါသေးတယ်။ ဒါတွေကလည်း တစ်လွှာချင်း၊ တစ်ချက်ချင်း ထွက်ပေါ်လို့နေတာပါ။

TUV Rheinland မှာတွေ့မြင်ရတာက Output power 50W charger နဲ့ဖြစ်ပါတယ်။ အချက်အလက်အရ Honor V40 မှာ အနည်းဆုံးတော့ 45W ကြိုးမဲ့အားသွင်းစနစ် ထောက်ပံ့လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပမာဏဟာ အတော်လေး မြန်ဆန်တဲ့ပမာဏ ဖြစ်နေတုန်းပါပဲ။ လက်တစ်ဆုပ်စာ Flagship ဖုန်းတွေမှာသာ 50W ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့ထားတာပါ။

အစောပိုင်းသတင်းဖော်ပြချက်တွေမှာတော့ Honor V40 ဟာ 66W Fast Charging နဲ့ မိတ်ဆက်မယ်လို့ ရည်ညွှန်းထားပါတယ်။ ဒါကြောင့် V40 အတွက်ပြောစရာခေါင်းစဉ်တွေထဲမှာ မြန်ဆန်တဲ့အားသွင်းစနစ်ကလည်း ပါဝင်နေပါတယ်။ အထူးသဖြင့် Honor V40, V40 Pro နဲ့ V40 Pro+ ဆိုတဲ့ V40 စီးရီးအတွက် ပိုပြီးပြောစရာ ဖြစ်ပါတယ်။

အားသွင်းမြန်နှုန်းအကြောင်းတွေကို ပြောနေကြတယ်ဆိုပေမယ့် အခုအချိန်အထိ Honor V40 ရဲ့ ဘက်ထရီပမာဏကို မသိရသေးပါဘူး။ တရားဝင်ထွက်ပေါ်လာခြင်းမရှိသေးတဲ့အချက်အလက်တွေအတွက် ခိုင်လုံတဲ့သက်သေတစ်ခုခုကို ရှာနိုင်မှပဲ အတည်ပြုနိုင်မှာပါ။ ဒါမှမဟုတ် လာမယ့် ဇန်နဝါရီလ ၁၈ ရက်၊ ဒါမှမဟုတ် အဲဒီရက်နောက်ပိုင်း တရားဝင်မိတ်ဆက်လာချိန်ကိုပဲ စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

Ref: GSM Arena