လာမည့်ငါးနှစ်အတွင်း အရှေ့တောင်အာရှဒေသအတွင်း 5G က အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁ ဒသမ ၂ ထရီလီယံခန့် ဖန်တီးပေးနိုင်လိမ့်မည်ဟု Huawei ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ဥက္ကဌက ဘာစီလိုနာတွင် ကျင်းပလျက်ရှိသည့် MWC 2019 အတွင်း မီဒီယာအင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“လာမယ့်ငါးနှစ်အတွင်း အရှေ့တောင်အာရှဒေသရဲ့ GPD တိုးတက်မှုနှုန်းက ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်း အထိရှိလာမှာဖြစ်ပါတယ်။ ဒါက တိုးတက်မှုအမြန်ဆုံးနှုန်း ဖြစ်ပြီး၊ ဒီလို GDP တိုးတက်ရာမှာ ဒစ်ဂျစ်တယ်စီး ပွားရေးက အဓိကတွန်းအား တစ်ခုပါပဲ။ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးလာဖို့ Huawei က ကတိက၀တ်ပြုထားသလို ဒစ်ဂျစ်တယ်ဂေဟစနစ်တစ်ခု တည်ဆောက်နိုင်ဖို့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ” Mr. James Wu က ပြောကြားခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်တွင် အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင် 5G ကို စီးပွားဖြစ်အမြောက်အများ အသုံးပြုလာ မည်ဖြစ်ပြီး၊ လာမည့်ငါးနှစ်တာအတွင်း အရှေ့တောင်အာရှဒေသအတွင်း 5G သုံးစွဲသူဦးရေ သန်း ၈၀ အထိ ရောက်ရှိလာမည်ဟုဆိုကာ Wu ကခန့်မှန်းထားပါတယ်။ ကြိုးမဲ့ဆက်သွယ်ရေးစနစ်၊ ဒစ်ဂျစ်တယ်နှင့် ဥာဏ်ရည်မြင့် ပစ္စည်းကိရယာများဟာဆိုရင် လူမှုပတ်ဝန်းကျင်၏ ထုတ်လုပ်နိုင်စွမ်းအားကို ပျမ်းမျှအားဖြင့် ၄ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ တိုးတက်စေမှာပါ။
အရှေ့တောင်အာရှဒေသနိုင်ငံများနှင့် သုံးစွဲသူများက 5G စမ်းသပ်မှုများကို လုပ်ဆောင်ရန်အတွက် Huawei ကို ဖိတ်ခေါ် ထားသည်ဟုလည်း ဆိုပါတယ်။ ထိုင်းနိုင်ငံတွင် 5G စမ်းသပ်မှုများဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး၊ စီးပွားဖြစ် 5G အသုံးပြုနိုင်ရေး 5G ဆိုင်ရာ စက်ပစ္စည်းများဟာဆိုရင်လည်း ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီဖြစ်ကြောင်းကိုပါ Wu က ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။
“အရှေ့တောင်အာရှက တဖြည်းဖြည်း ပိုပြီးကျယ်ပြန့်လာတဲ့ ဈေးကွက်တစ်ခုဖြစ်ပြီး၊ အသစ်အသစ်သော ဖန်တီးမှုအသစ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ချိတ်ဆက်ပေးနေပါတယ်။ ဒစ်ဂျယ်တယ်စီးပွားရေးဖြစ်လာဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု Wu က ထပ်မံပြောကြားခဲ့ပါတယ်။
ပြီးခဲ့သည့်နှစ်အတွင်း 4G ကွန်ယက်အမျိုးအစားဖြစ်သည့် LTE ၀န်ဆောင်မှုများအတွက် မြန်နှုန်းမြင့် ‘Bangkok Platform’ အန်တင်နာနည်းပညာ (Antenna Solution) တည်ဆောက်ခဲ့ပေးခဲ့ပါတယ်။ LTE Spectrum ၏ ကုန်ကျစရိတ်မြင့်မားမှုနှင့် သုံးစွဲမှုနည်းပါးခြင်းတို့ကို ဖြေရှင်းပေးရန် အဆိုပါ Solution ကို တည်ဆောက်ခဲ့ခြင်းဖြစ်သလို ကြိုးမဲ့ထုတ်လွှင့်ခြင်း၏ လှိုင်းနှုန်းစဉ်ထုတ်လွှင့်နိုင်မှုကို နှစ်ဆမြှင့်တင်ပေးနိုင်မည့် 5G မိုက်ခရိုဝေ့ဖ်နည်းပညာကိုလည်း အိန္ဒိယတွင် မိတ်ဆက်ပေးခဲ့ပါတယ်။
“၂၀၁၉ က အရှေ့တောင်အာရှရဲ့ 5G နည်းပညာအတွက် ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်လာမယ်လို့ ယုံကြည်ပါ တယ်။ ဒေသတွင်းက အော်ပရေတာအားလုံးရဲ့ 5G အိမ်မက်ကို အကောင်အထည်ဖော်ဖို့ Huawei က ကူညီပေး သွားမှာပါ။ နည်းပညာသစ်တွေရဲ့ ကောင်းကျိုးဆင့်ကဲ ၀န်ဆောင်မှုပေးနိုင်ဖို့ 5G၊ Broadband၊ Cloud၊ ဥာဏ်ရည် တုနည်းပညာ (AI) နဲ့ Smart Devices ဆိုင်ရာတွေမှာ ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံသွားမှာပါ။” ဟု Wu က ထပ်လောင်းပြောကြားခဲ့ပါတယ်။
လုံခြုံရေးအကြောင်းပြချက်ဖြင့် အမေရိကန်က ၎င်း၏မဟာမိတ်နိုင်ငံများမှတဆင့် Huawei ကို ပိတ်ပင်ရန် ဖိအားပေးခြင်းနှင့် နောက်ဆက်တွဲ သက်ရောက်မှုများကြောင့် Huawei ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်အတွင်း စိန်ခေါ်မှုအများအပြားကို ရင်ဆိုင်ခဲ့ရပါတယ်။ လုံခြုံရေးချိုးဖောက်သည့် သူလျှိုလုပ်ငန်းများနှင့် ပတ်သက်သည့် စွပ်စွဲချက်များကို Huawei က ငြင်းဆိုထားသည့်နည်းတူ စွပ်စွဲချက်များနှင့် စပ်လျဉ်း၍ ယနေ့အချိန်အထိ မည်သူမျှ သက်သေပြနိုင်ခြင်း မရှိသေးပါဘူး။
“5G နည်းပညာကို နိုင်ငံရေးအရ ဒါမှမဟုတ် တခြားမူဝါဒပိုင်းတွေနဲ့ ရောယှက်ပြီး အသွင်ပြောင်း ပုံဖော်တာမျိုး ဘယ်နိုင်ငံကမှ မလုပ်သင့်ပါဘူး။ Huawei က ယုံကြည်စိတ်ချလို့ရတယ်ဆိုတာ အရှေ့တောင်အာရှဒေသ အတွင်း နှစ်ပေါင်း ၂၀ ကြာ ဆိုက်ဘာလုံခြုံရေး ဆောက်ရွက်ပေးခဲ့တဲ့ အတွေ့အကြုံက သက်သေပြနေပါတယ်” ဟု နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် သတင်းများနှင့် ပတ်သက်၍ Mr Wu က ထိုကဲ့သို့ပြောကြားခဲ့ပါတယ်။
Source: Government Technology
Huawei ကုမ္ပဏီဟာဆိုရင် 5G နည်းပညာရပ်တွင် ၁၀ နှစ်ကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီး၊ 5G နည်းပညာနှင့် ပတ်သက်၍ ဈေးကွက်အတွင်း အနည်းဆုံး အချိန်တစ်နှစ်မှ ၁၈ လအထိ ရှေ့တန်းက ဦးဆောင်နေသူအဖြစ် လေ့လာသူများ က သတ်မှတ်ထားကြပါတယ်။ Huawei ကို ပိတ်ပင်လိုက်ခြင်းဟာ 5G ဖွံ့ဖြိုးမှုကို နှောင့်နှေးသွားစေနိုင်သည်ဟုလည်း နည်းပညာကျွမ်းကျင်သူများက မှတ်ချက်ပြုထားကြပါတယ်။
မကြာသေးမီက UK နိုင်ငံကထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ Huawei ၏ 5G ဆိုင်ရာ ပစ္စည်းများသည် အထူး တလည်အန္တရာယ်မရှိပဲ ထိန်းချုပ်နိုင်သည့် အနေအထားတွင် ရှိပါတယ်။
Source: NewTelco
“ဆက်သွယ်ရေးကွန်ယက်ပစ္စည်းသွင်း အားလုံး မျှမျှတတ ယှဉ်ပြိုင်နိုင်မဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးခြင်းက သာ အမျှော်အမြင်ပြည့်ဝပြီး လက်တွေ့ကျတဲ့ နည်းလမ်းဖြစ်ပါလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ယှဉ်ပြိုင် ခြင်းကာ ထိရောက်တဲ့ရင်းနှီးမြှုပ်နှံမှုကို ဦးတည်စေပြီး၊ အားလုံးအတွက် အကျိုးဖြစ်ထွန်းစေမှာပါ။ နိုင်ငံရေးအရ မဟုတ်ပဲ ဒစ်ဂျစ်တယ်နည်းပညာအရပဲ ဆက်သွားဖို့ အကြံပြုချင်ပါတယ်။ ဒါကသာ အကျိုးရှိတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်” ဟု Wu က ပြောကြားပါတယ်။
တရုတ်နိုင်ငံတွင် ၁၉၈၇ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် Huawei ကုမ္ပဏီသည် လက်ရှိတွင် ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေးလုပ်ငန်းသုံး ပစ္စည်းထောက်ပံ့သူနှင့် ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူဖြစ်၍ ၂၀၁၈ ခုနှစ်တွင် ၀င်ငွေ အမေရိကန်ဒေါ်လာ ၁၀၈ ဒသမ ၅ ဘီလျံအထိရှိခဲ့ပါတယ်။