5G ကို မိတ်ဆက်ချိန်တုန်းကတော့ Mobile connectivity ကို တော်လှန်ပြောင်းလဲပေးမဲ့ နောက်ဆုံးပေါ်နည်းပညာတစ်ခုအဖြစ် ချီးကျူးခဲ့ကြပါတယ်။ Gigabit-per-second အမြန်နှုန်းနဲ့ Latency နည်းပါးမှုတွေကြောင့် ထုတ်လုပ်သူတွေရော အသုံးပြုသူတွေအားလုံးကပါ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတစ်ခုကို မျှော်မှန်းထားကြတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်အထိတော့ မျှော်မှန်းချက်တွေဟာ ပီပီပြင်ပြင်အကောင်အထည်ပေါ်လာဖို့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ အကြောင်းက 5G လွှမ်းခြုံနိုင်မှုဧရိယာနဲ့ လက်ခံသုံးစွဲနိုင်တဲ့ Device စတဲ့ အတားအဆီးတွေကို ကျော်ဖြတ်ဖို့ လိုအပ်နေသေးတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် 4G ကွန်ရက်တွေရဲ့ ဖြန့်ကျက်မှုဧရိယာနဲ့ နှိုင်းယှဉ်ရင်လည်း ဝယ်လိုအားကလည်း 4G က ပိုများနေဆဲ ဖြစ်ပါတယ်။

Financial Times ကတော့ အခုအချိန်မှာ 5G အတွက် သုံးစွဲသူတွေရဲ့ ဝယ်လိုအားဟာ နှေးကွေးလာတယ်လို့ ဖော်ပြလိုက်ပါတယ်။ ဥရောပနဲ့ မြောက်အမေရိကနိုင်ငံအများစုထက် 5G ကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ထားတဲ့ အရှေ့တောင်အာရှဈေးကွက်တွေမှာလည်း 5G သုံးစွဲသူတွေရဲ့ 5G စမတ်ဖုန်း တောင်းဆိုမှုဟာ တဖြည်းဖြည်း လျော့ကျလာပါတယ်။

ဒီနှစ်ရဲ့ ဒုတိယသုံးလပတ်မှာ 5G စက်ပစ္စည်းတင်ပို့ရောင်းချမှုဟာ ၇% အထိ ကျဆင်းခဲ့ပြီး ၂၄.၅ သန်း အထိ ကျဆင်းခဲ့တယ်လို့ နည်းပညာဈေးကွက်တွေကို ခွဲခြမ်းစိတ်ဖြာတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Canalys က မကြာသေးခင်ကပဲ အစီရင်ခံတင်ပြခဲ့ပါတယ်။ “5G ရဲ့ လက်တွေ့ကျတဲ့အသုံးပြုမှုတွေကို မမြင်ရသေးသလို ကိစ္စအများစုမှာ 4G အမြန်နှုန်းဟာ နေ့စဉ်အသုံးပြုဖို့အတွက် လုံလောက်နေပါတယ်” လို့ Canalys က လေ့လာဆန်းစစ်သူ Chiew Le Xuan က ဆိုပါတယ်။

လက်ရှိအချိန်ဟာ ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းကြောင့် လူနေမှုစရိတ်တွေမြင့်မားနေချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် စရိတ်စက မြင့်မားတဲ့ ဒီနည်းပညာအပေါ်လည်း သက်ရောက်မှုရှိလာပြီး ဝယ်လိုအားနှေးကွေးမှုကိုလည်း ဖြစ်ပေါ်လာစေပါတယ်။ ဒါပေမဲ့ ဒီလို ဝယ်လိုအားနှေးကွေးတာဟာ ယာယီသာဖြစ်တယ်လို့ လေ့လာဆန်းစစ်သူတွေက ခန့်မှန်းထားကြပါတယ်။

Ref: Gizchina