ဒီနေ့ခေတ် စမတ်ဖုန်းတွေဟာ ဘက်ထရီသက်တမ်းနဲ့ပတ်သက်လာရင် စိုးရိမ်စရာမရှိတော့ပါဘူး။ တစ်နေ့တာအတွက် လုံလောက်တဲ့ပမာဏကို ထောက်ပံ့ပေးတာထက်တောင် ပိုနေပါပြီ။ ဒါတင်မကသေးပါဘူး အံ့သြလောက်စရာ အမြန်အားသွင်းစနစ်တွေလည်း ထောက်ပံ့ပေးနေတာကြောင့် စမတ်ဖုန်းသုံးစွဲသူအများစုကတော့ ဘက်ထရီစွမ်းအင်ကို ဘယ်လိုကြာရှည်ခံအောင်သုံးစွဲရမလဲဆိုတာ မေ့နေတတ်ကြပါပြီ။

စမတ်ဖုန်းတွေမှာအသုံးပြုတဲ့ ဘက်ထရီတွေက Lithium-ion ဒါမှမဟုတ် Lithium polymer တွေ ဖြစ်ပါတယ်။ Lithium-ion တွေကတော့ Nonremovable တွေအဖြစ် အတွေ့များရပါတယ်။ ဒါ့အပြင် ၁၀၀% အားသွင်းပြီးသွားရင်လည်း Standby ထားရင်း ရာနှုန်းပြည့် အားပြန်ကုန်သွားမယ့်အချိန်က နာရီပေါင်းများစွာကြာမှ ရောက်လာမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘက်ထရီသက်တမ်းအတွက် လိုရမည်ရဖြစ်ဖြစ် မှတ်ထားသင့်တဲ့အချက်လေးတွေတော့ ရှိနေပါသေးတယ်။

၁။ ပုံမှန်အားသွင်းပါ
ဘက်ထရီကို အမြဲလိုလို ၅၀% လောက်တော့ အားသွင်းထားသင့်ပါတယ်။ အမြဲတမ်းလိုလို ကြိုးတပ်ပြီးအားသွင်းထားတာမျိုးမဖြစ်စေဘဲ ၁၀၀% ပြည့်တာနဲ့ ကြိုးဖြုတ်ထားဖို့လည်း သတိထားရပါမယ်။ ဒါက သင့်စမတ်ဖုန်းထဲကဘက်ထရီကို ရေရှည်သုံးနိုင်ဖို့ ထောက်ကူပေးပါတယ်။

၂။ Airplane Mode သုံးပါ
Airplane Mode ဟာ ဖုန်းရဲ့ Radio signal တွေအားလုံးကို ပိတ်ချလိုက်တာကြောင့် အဆက်အသွယ်တွေအားလုံးပြတ်တောက်သွားတာမှန်ပေမဲ့ ဘက်ထရီသက်တမ်းကတော့ သိသိသာသာကြီး မြင့်တက်သွားစေပါတယ်။ Airplane Mode လုံးဝမလုပ်ချင်ရင်တော့ Bluetooth, Wi-Fi နဲ့ NFC ကိုပိတ်ထားရည်လည်း အတိုင်းအတာတစ်ခုအထိ ဘက်ထရီကုန်ခမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။ အလွယ်ဆုံးကတော့ Power Saving Mode ကို ဖွင့်ထားတာမျိုးပါ။

၃။ Dark Themes သုံးပါ
AMOLED မျက်နှာပြင်နဲ့ စမတ်ဖုန်းဆိုရင်တော့ Dark Themes, Dark Wallpaper သုံးတာမျိုးက ဘက်ထရီစွမ်းအင်ကုန်ခမ်းတာကို လျှော့ချပေးနိုင်ပါတယ်။ Live wallpapers tend ကတော့ ပုံသေပြောလို့မရပါဘူး။ ဒီ animation ကို ဒီဇိုင်းဆင်ထားတာက ဘက်ထရီစွမ်းအင်အပေါ် ဘယ်လောက်ထိ သက်ရောက်သလဲဆိုတာပေါ်မူတည်ပြီး ကွာခြားပါတယ်။

၄။ Location Service ပိတ်ထားပါ
တည်နေရာအချက်ပြမှုကို ပိတ်ထားတာကလည်း ဘက်ထရီစွမ်းအင်သုံးစွဲမှုကို လျော့ကျစေတာပါပဲ။ Location Service ကို ပိတ်ထားလိုက်ခြင်းအားဖြင့် App အတော်များများကလည်း ဖုန်းရဲ့တည်နေရာကို ခြေရာမခံတော့ပါဘူး။ ဒါဟာ ဘက်ထရီသုံးစွဲမှုကိုလျော့ကျစေသလို၊ လုံခြုံရေ:အတွက်လည်း ထည့်သွင်းစဉ်းစားသင့်တဲ့အချက် ဖြစ်ပါတယ်။

၅။ Widgets တွေကို စွန့်ပစ်လိုက်ပါ
Widgets တွေဟာ နေ့စဉ်သုံးစွဲမှုမှာ အထောက်အကူပြုပြီး ဘက်ထရီသုံးစွဲမှုမှာ သိသိသာသာမသက်ရောက်ဘူးဆိုပေမဲ့လည်း သင်ဟာ ဘက်ထရီကိုအလွယ်တကူအားသွင်းနိုင်တဲ့အခြေအနေမှာရှိမနေဘူးဆိုရင်တော့ Widgets တွေကို ချောင်ထိုးလိုက်တာကလည်း အထောက်အကူဖြစ်စေပါတယ်။

၆။ Convenience Service တွေ ပိတ်ထားပါ
Rise to wake feature တို့၊ Gestures & Motions တို့ကို အသုံးမပြုတာကလည်း ဘက်ထရီသုံးစွဲမှုကို လျှော့ချတဲ့နေရာမှာ အကူအညီပေးပါတယ်။ နောက်တစ်ချက်က Vibrate တို့ Haptic feedback တို့ကို အသုံးမပြုတာကလည်း စွမ်းအင်ချွေတာရာရောက်ပါတယ်။ Background App Refresh တွေ ပိတ်ထားဖို့လည်း မမေ့သင့်ပါဘူး။

၇။ ပူလွန်းတဲ့အခြေအနေမှာအသုံးပြုခြင်းကိုရှောင်ပါ
စမတ်ဖုန်းတွေကို ၆၂ ကနေ ၇၂ ဒီဂရီဖာရင်ဟိုက်အတွင်းမှာ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ တည်ဆောက်ပေးထားပါတယ်။ ဒါပေမယ့် ၉၅ ဒီဂရီ ဖာရင်ဟိုက်ထက်မြင့်တဲ့အပူချိန်မှာဆိုရင်တော့ သုံးစွဲဖို့မသင့်တော်ပါဘူး။ ဒီအပူချိန်ဟာ ဟန်းဆက်ရဲ့အစိတ်အပိုင်းတွေကို ထိခိုက်စေသလို၊ အထူးသဖြင့် ဘက်ထရီရဲ့သက်တမ်းကို ကောင်းကောင်းကြီး ထိုးနှက်မှုဖြစ်စေတာပါ။ အားသွင်းရင်းသုံးစွဲတာမျိုးကလည်း ဘက်ထရီကိုပျက်စီး စေတဲ့ အကြောင်းရင်းတစ်ရပ်ပါပဲ။ အေးလွန်းတဲ့နေရာမှာသုံးစွဲရင်လည်းဘက်ထရီစွမ်းဆောင်ရည်ကျဆင်းတယ်ဆိုပေမဲ့ ဒါဟာယာယီသာဖြစ်ပြီး ပုံမှန်အပူချိန်ရောက်ရင် ပုံမှန်စွမ်းဆောင်ရည်ကို ပြန်ရစေပါတယ်။

Ref: Google