လွန်ခဲ့တဲ့ ရက်သတ္တပတ်တုန်းက ၆နှစ်သက်တမ်းရှိပြီဖြစ်တဲ့ Galaxy Tab S 8.4 ဟာ Update သစ်ရရှိကြောင်း ဖော်ပြခဲ့ပါတယ်။ အခုတော့ ပိုပြီးအံ့အားသင့်စရာကောင်းတဲ့ Update ကို တွေ့မြင်ရပါပြီ။ အဲဒါကတော့ ၉ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ Samsung Galaxy S2 က Software Update ရရှိမယ်ဆိုတာပဲ ဖြစ်ပါတယ်။

Samsung Galaxy SII လို့လူသိများတဲ့ ဒီစမတ်ဖုန်းဟာ Galaxy S ရဲ့ ဆက်ခံသူဖြစ်ပြီး ၂၀၁၁ ခုနှစ်ဖေဖော်ဝါရီလ Mobile World Congress မှာ မိတ်ဆက်ခဲ့တာပါ။ Android 2.3 Gingerbread နဲ့ ပွဲထွက်ခဲ့ပြီး၊ Android 4.1.2 Jelly Bean ကို အဆင့်မြှင့်တင်ခဲ့ပါတယ်။ အခုတော့ ၉ နှစ်သက်တမ်းရှိနေပြီဖြစ်တဲ့ ဒီစမတ်ဖုန်းကို အခုအချိန်ထိသုံးစွဲနေသေးတယ်ဆိုရင်တော့ Android 11 နဲ့ စမ်းသပ်အသုံးပြုနိုင်ပြီလို့ သိရပါတယ်။

Android fragmentation ဟာ လူသိများတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ Project Treble ကို မိတ်ဆက်ခဲ့ပေမယ့် ပြဿနာကို အပြည့်အဝဖြေရှင်းဖို့ လိုအပ်နေတုန်း ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ Google နဲ့ Qualcomm တို့ဟာ Snapdragon 888 ကစတင်ပြီး Software update ၄ နှစ်အထိ (Android update ၃ နှစ်နဲ့ Security patches ၄ နှစ်) ထောက်ပံ့ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

ဒါပေမယ့် ဒီနှစ်အစောပိုင်းတုန်းကလည်း Samsung ဟာ သတ်မှတ်ထားတဲ့ Device တွေအတွက် Android update မျိုးဆက်သုံးခုကို ထုတ်ပေးမယ်လို့ ကြေညာထားခဲ့ပြီးဖြစ်ပါတယ်။ Galaxy S2 ပိုင်ရှင်တွေအနေနဲ့ နောက်ဆုံးပေါ် Android ဗားရှင်းကို သုံးနိုင်မယ်ဆိုတာက အတော်လေးကိုဝမ်းသာစရာသတင်းပဲ ဖြစ်ပါလိမ့်မယ်။

Galaxy S2 အတွက် ROM ကို Samsung က တရားဝင်ထုတ်ပေးတာမျိူးတော့ မဟုတ်ပါဘူး။ XDA ရဲ့ စီနီယာအဖွဲ့ဝင်တွေက Custom ROM ထုတ်ပေးတာပါ။ ဒါကြောင့် Update တင်တဲ့အခါ ကျွမ်းကျင်တဲ့ပညာရှင်ရဲ့ အကူအညီကိုရယူတာ အကြံကောင်းဖြစ်ပါလိမ့်မယ်။ XDA Developers ရဲ့အဆိုအရ ဒီ ROM port ဟာ GT-I9100 မော်ဒယ်နံပါတ်နဲ့ Galaxy S2 ကိုပဲ ထောက်ပံ့မယ်လို့ သိရပါတယ်။

Ref: Gizmochina