Apple ဟာ စက်တင်ဘာလမှာ iPhone 13 Series ကို ကြေညာမယ်လို့ ထင်ပါတယ်။ မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီဖုန်းတွေကို ကမ္ဘာအဝန်းက အာဏာပိုင်အဖွဲ့အစည်းများစွာမှာ မှတ်ပုံတင်ထားပါတယ်။ အခုလည်း Eurasian Economic Commission (EEC) မှာ iPhone 13 မော်ဒယ်များစွာကို မှတ်ပုံတင်လိုက်ပါတယ်။

မော်ဒယ်တွေ ၇ ခု ပါဝင်ပြီး A2628, A2630, A2634, A2635, A2640, A2643 နဲ့ A2645 တို့ ဖြစ်ပါတယ်။ အဲဒီ မော်ဒယ်အားလုံးမှာ iOS 14 ထည့်သွင်းထားတယ်လို့ EEC မှာ ဖော်ပြထားပါတယ်။ အဲဒါကလွဲလို့ တခြား သတင်းအချက်အလက်တွေကို အဲဒီမှာ မတွေ့ရသေးပါဘူး။ ဘယ်မော်ဒယ်က ဘယ် iPhone 13 Series လဲ ဆိုတာ လက်ရှိမှာ မပြောနိုင်သေးပါဘူး။

Apple ဟာ Mini အပါအဝင် iPhone 12 Series တစ်ခုလုံးရဲ့ မျိုးဆက်သစ်တွေကို ကြေညာမယ်လို့ ထင်ရပါတယ်။ iPhone 13 Series အားလုံးမှာ 5nm A15 Chip ပါလာနိုင်ပြီး Notch ဒီဇိုင်းကို ဆန်းသစ်ထားနိုင်ပါတယ်။ Pro မော်ဒယ်တွေမှာ 120Hz LTPO OLED မျက်နှာပြင်တွေနဲ့ သာမာန်မော်ဒယ်တွေမှာ 60Hz မျက်နှာပြင်တွေ ထည့်သွင်းထားနိုင်တယ်လို့ သတင်းထွက်နေပါတယ်။

iPhone 13 Series အားလုံးမှာ မြင်ကွင်းကျယ် ကင်မရာ အသစ်တွေ ပါလာနိုင်ပြီး Pro မော်ဒယ်တွေရဲ့ ပင်မနဲ့ မြင်ကွင်းကျယ် ကင်မရာမှာ Sensor-shift Stabilization ထောက်ပံ့ထားနိုင်ပါတယ်။ ဘက်ထရီတွေ ပိုကြီးလာနိုင်တယ်လို့ သတင်းထွက်နေပြီး 13 Mini မှာ 2,406mAh ၊ 13 နဲ့ 13 Pro မှာ 3,095mAh ဘက်ထရီတွေ ပါလာနိုင်ပါတယ်။ 13 Pro Max အတွက် iPhone သမိုင်းမှာ ဘက်ထရီ အကြီးဆုံး အဖြစ် မှတ်တမ်းတင်နိုင်မယ့် 4,352mAh ဘက်ထရီ ထည့်ထားနိုင်ပါတယ်။

ref : gsmarena