ပြီးခဲ့တဲ့ရက်ကပဲ Samsung ဟာ မော်ဒယ်နံပါတ် SM-F415 နဲ့ Budget Foldable ကို ပြုလုပ်နေတယ်လို့ SamMobile က ရေးသားတဲ့သတင်းကို ကိုးကားပြီး ဖော်ပြခဲ့ပါသေးတယ်။ ဒီတုန်းက SamMobile ဟာ သက်သေပြစရာ အထောက်အထားကို မဖော်ပြခဲ့ပါဘူး။

အခုတော့ မော်ဒယ်နံပါတ် SM-415F/DS နဲ့ဟန်းဆက်ဟာ Wi-Fi Alliance မှာ Certified ရတာကို မြင်တွေ့ရပြီ ဖြစ်ပါတယ်။ ကုဒ်နံပါတ်က ကိန်းဂဏန်းနောက်မှာရှိနေတဲ့ “F” အက္ခရာဟာ Foldable ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မူလ Galaxy Fold ရဲ့ မော်ဒယ်နံပါတ်ဟာ F900, Z Flip က F700 စသဖြင့် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

SamMobile က Budget Foldable လို့ ရည်ညွှန်းသုံးနှုံးခဲ့ပေမယ့် ဇွန်လနှောင်းပိုင်းတုန်းက ၂၀၂၁ ဆီရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့ Galaxy Fold Lite ကိုလည်း မေ့ထားလို့ မရပါဘူး။ တနည်းပြောရရင်တော့ Galaxy Fold Lite ဟာ ဈေးနှုန်းချိုသာတဲ့ Foldable ဖြစ်လာမယ်လို့ မျှော်လင့်နိုင်တာပါ။

ဈေးနှုန်းနဲ့ပတ်သက်ပြီး ပြောရပြန်ရင်လည်း Budget Foldable ဆိုပေမယ့် အနည်းဆုံး USD 1000 (၁၃ သိန်း ၆သောင်း) ဝန်းကျင်တန်း ဖြစ်လာပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် Foldable ဖုန်းတစ်လုံးအတွက်တော့ ဒီ ဈေးနှုန်းဟာ သက်သာလာတယ်လို့ပဲ ဆိုရမှာပါ။ Wi-Fi Alliance မှာ တောင်မြင်လာရပြီမို့ မကြာခင် နောက်ထပ်အသေးစိတ်အချက်အလက်တွေ ပေါ်ထွက်လာဦးမှာဖြစ်လို့ နားစွင့်ထားဖို့တော့ လိုပါလိမ့်မယ်။

Ref: GSM Arena