မြောက်အမေရိက အခြေစိုက် Evil Geniuses အသင်းမှာ ကစားနေတဲ့ ဖိလစ်ပိုင်လူမျိုး Dota 2 ပရို “Abed” ဟာ လက်ရှိ အချိန်မှာ အသင်းနဲ့ ခဏ ခွဲခွာနေပြီး ပြန်လည်ပူးပေါင်းဖို့လည်း ဒေသဇုန် မတူလို့ အဆင်မပြေသေးတဲ့ ပုံမှာ ရှိပါတယ်။

ဒါ့ကြောင့် EG အသင်းဟာ CIS ကစားသမား “Gpk” ကို ခေတ္တခေါ်ယူ ဆော့ကစားနေရသလို Abed ကလည်း အခု ESL One Thailand ပြိုင်ပွဲမှာ အရှေ့တောင်အာရှ အခြေစိုက်အသင်း Geek Fam အတွက် အစားထိုး ဝင်ရောက်ကစားပေးမယ်လို့ အသင်းရဲ့ ဆိုရှယ်မီဒီယာကနေ ကြေညာလာပါတယ်။

အရှေ့တောင်အာရှရဲ့ အင်အားကြီး အသင်းတစ်ခု ဖြစ်တဲ့ Geek Fam ဟာလည်း အခြေကျနေချိန်မှာ အသင်းရဲ့ ဖိလစ်ပိုင် Carry ကစားသမား “Rave” ကို Fnatic အသင်းက ခေါ်ယူသွားတာကြောင့် Core ကစားသမား တစ်ယောက် လိုနေပြီး ဖိလစ်ပိုင်လူမျိုးထဲကပဲ ပြန်လည် ခေါ်ယူဖို့ ဦးစားပေးနေရာမှာ Abed နဲ့ တိုက်ဆိုင်သွားတာ ဖြစ်နိုင်ပါတယ်။

နာမည်ကျော် Mid-Lane ကစားသမားဖြစ်တဲ့ Abed ဟာ Geek Fam မှာလည်း Mid ကနေပဲ ဝင်ကစားဖို့များတာကြောင့် အသင်းရဲ့ ရှိပြီးသား Mid ကစားသမား “Karl” ဟာ Carry အဖြစ် ပြောင်းလဲ ကစားပေးရမယ့် ပုံမှာရှိပါတယ်။ ESL One Thailand ပွဲအတွက် Geek Fam ရဲ့ လူစာရင်းကတော့ Karl, Abed, Kuku, Xepher, Whitemon တို့ ဖြစ်ပါတယ်။

Abed အတွက်တော့ ဒီပြိုင်ပွဲဟာ လေးလအတွင်းမှာ ပထမဆုံး ပြန်ကစားရတဲ့ Dota 2 Pro ပြိုင်ပွဲ ဖြစ်လာမှာပါ။ ရှေ့မှာ BTS Pro Series 2: SEA ပြိုင်ပွဲမှာလည်း ဖိလစ်ပိုင် အခြေစိုက် အသင်းကြီးတစ်သင်း ဖြစ်တဲ့ TNC အတွက် သူက အစားထိုး ဝင်ကစားပေးခဲ့ပါသေးတယ်။

Geek Fam အသင်းဟာ နှစ်အတော်ကြာ ရုန်းကန်အပြီးမှာ လွန်ခဲ့တဲ့ လပိုင်းအတွင်း လက်စွမ်းတည်ငြိမ်ခဲ့ပြီး BTS Pro Series 2 နဲ့ ONE Esports Dota 2 SEA League ပြိုင်ပွဲ နှစ်ခုကို အနိုင်ရထားခဲ့တာပါ။ ဒါပေမယ့် အားထားရတဲ့ ကစားသမား “Raven” တစ်ယောက် ပြောင်းရွှေ့သွားတာက သူတို့အတွက် ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။

ESL One Thailand 2020: Asia ဇုန်ပြိုင်ပွဲကို ဩဂုတ် ၂၀ ရက်နေ့မှာ စတင် ဆော့ကစားမှာ ဖြစ်ပြီး စက်တင်ဘာ ၆ ရက် နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။ ဒီပွဲမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၅,၀၀၀ ဆုကြေးငွေ ပေးအပ်သွားမှာပါ။

Ref – AFKGaming