တရုတ်စမတ်ဖုန်း ထုတ်လုပ်ရေးလုပ်ငန်းတွေဟာ ၂၀၂၀ ပြည့်နှစ် ဒုတိယနှစ်ဝက်အစီရင်ခံစာမှာ ဂဏန်းနှစ်လုံး ကျဆင်းသွားမှုကို ထည့်သွင်းအစီရင်ခံရမယ့် အခြေအနေတစ်ရပ်မှာ ရှိနေတယ်လို့ Digitimes Research က ဟောကိန်းထုတ်လိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်ဟာ COVID-19 ကပ်ရောဂါကြောင့် လှိုင်းထန်နေခဲ့ပြီး ဒုတိယနှစ်ဝက်အနေနဲ့လည်း အဓိကဈေးကွက်အချို့မှာ ရောဂါကူးစက်ပျံ့နှံ့နေမှုကြောင့် တိုးတက်မှုပိုင်း အနည်းငယ်သာရှိလိမ့်မယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေကို ကြုံတွေ့ရတဲ့ စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ ရောဂါစတင်ရာဖြစ်တဲ့ တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတွေလည်း ပါဝင်နေပါတယ်။

တရုတ်နိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီကြီး ၄ ခုဖြစ်တဲ့ Huawei, Xiaomi, OPPO နဲ့ Vivo စုစုပေါင်း ရောင်းအားရဲ့ ၈၂.၃% ပမာဏဟာ ပြည်တွင်းဈေးကွက်အတွင်း ရောင်းချရတာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်ပဈေးကွက်တွေကို တင်ပို့ရောင်းချရာမှာတော့ ကပ်ရောဂါပျံ့နှံ့မှုကြောင့် စီးပွားရေးကျဆင်းမှုတွေဖြစ်ပြီး၊ ကသောင်းကနင်းအခြေအနေမှာ စမတ်ဖုန်း အသစ်တစ်လုံးကို ဝယ်ယူလိုမှု နည်းပါးလာတဲ့အခြေအနေကို ကြုံတွေ့ရတာ ဖြစ်ပါတယ်။

သုံးလပတ်ရလဒ်တွေကို ကြည့်ရင်တော့ ဒုတိယသုံးလပတ်တင်ပို့မှုဟာ ၁၅၇ သန်း ဖြစ်ပြီး ဒါဟာ ပထမသုံးလပတ်ထက် ၄၃.၃% ပိုများတာ ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်စဉ်အခြေခံတင်ပို့ရောင်းချမှုအလိုက်တွက်ကြည့်မယ်ဆိုရင်တော့ ၁၅.၂% လျော့နည်းနေတာပါ။ တရုတ်ထိပ်တန်းကုမ္ပဏီတွေထဲမှာ Huawei ကပဲ နှစ်စဉ်တင်ပို့ရောင်းချမှု ၂.၁% တိုးတက်ခဲ့တာပါ။

OPPO နဲ့ Vivo တို့ကတော့ နှစ်စဉ်တင်ပို့ရောင်းချမှုတွေမှာ ဂဏန်းတစ်လုံး လျော့ကျခဲ့ပြီး Xioami ကတော့ အကြီးအကျယ်ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ Xiaomi ဟာ အနည်းငယ်သောပမာဏဖြစ်တဲ့ ၂၇.၁% သာရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမယ့် တရုတ်ကုမ္ပဏီတွေအနေနဲ့ ၂၀၂၀ ဒုတိယနှစ်ဝက်ထဲမှာ ဒေါ်လာ ၁၅၀ (နှစ်သိန်းစွန်းစွန်း) ဝန်းကျင် 5G စမတ်ဖုန်းတွေနဲ့အတူ ဈေးကွက်ထဲမှာ ပြန်ပြီးတော့ ဦးမော့်လာဖွယ်ရှိတယ်လို့လည်း Digitimes Research က မျှော်မှန်းထားပါတယ်။

Ref: GSM Arena