တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်ဟာ ရပ်တန့်သွားမယ့် အရိပ်အယောင်မရှိတဲ့နောက်မှာတော့ Huawei ဟာ မူလက သူတို့စီစဉ်ထားတဲ့အတိုင်း ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်ခြေထောက်နဲ့ကိုယ်သွား ဖို့ပဲ ဆုံးဖြတ်လိုက်ရပြီ ဖြစ်ပါတယ်။ ၂၀၂၀ ရဲ့ ပထမနှစ်ဝက်အထိ ပြေလည်မယ့်လမ်းစကို ရှာဖွေခဲ့ပေမယ့် ဒုတိယနှစ်ဝက်မှာတော့ ဦးတည်ချက်ကို ပြောင်းလဲလိုက်တာကို မြင်တွေ့နိုင်ပါတယ်။

တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးရဲ့ ကိုယ်ပိုင် OS စီမံကိန်းဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ ပေါ်ပေါက်ပြီးနောက်ပိုင်းမှာ ရုတ်ချည်းဆိုသလို ပိုပြီးအရှိန်မြင့်တက်လာပါတယ်။ သူတို့ရဲ့ Operating system ဖြစ်တဲ့ HarmonyOS ကို စမ်းသပ်သုံးစွဲမှုတွေလည်း မြင်တွေ့လာရပါတယ်။

အခုနောက်ဆုံးထွက်လာတဲ့သတင်းအရ Huawei ဟာ သူ့တို့ရဲ့ Device တွေမှာ Google ရဲ့ Android အစား HarmonyOS ကို အစားထိုး သုံးစွဲနိုင်ဖို့ တဖြည်းဖြည်းချင်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ Huawei ရဲ့ လာမယ့် စမတ်နာရီဟာ HarmonyOS နဲ့ ဖြစ်ကြောင်းကို ကုမ္ပဏီရဲ့ Consumer Business CEO Yu Chengdong က အတည်ပြုပြောဆိုခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ Huawei ရဲ့ အခြားထုတ်ကုန်တွေဖြစ်တဲ့ IoT, ကွန်ပျူတာ၊ တက်ဘလက်တွေနဲ့ စမတ်ဖုန်းတွေ အားလုံးမှာလည်း HarmonyOS ကို စတင်အသုံးပြုလာတော့မယ်လို့ သိရပါတယ်။ အနာဂတ်မှာတော့ “worldwide operating system” ဖြစ်လာမယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်က ဆိုပါတယ်။

Huawei ဟာ ဒီနှစ်စက်တင်ဘာလထဲမှာ ကွန်ပျူတာ၊ စမတ်နာရီနဲ့ ကားတွေမှာ အသုံးပြုမယ့် ဒုတိယမျိုးဆက်ဗားရှင်းဖြစ်တဲ့ HarmonyOS 2.0 ကို ကြေညာလာနိုင်ပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း Huawei နဲ့ BYD တို့ဟာ HarmonyOS ကို အသုံးပြုထားတဲ့ HiCar စနစ်ကို ပွဲထုတ်ပြသခဲ့ပါသေးတယ်။

Huawei ဟာ Kirin 1000 flagship SoC ကို လာမယ့် စက်တင်ဘာ ၅ ရက်၊ IFA 2020 မျာ စတင်ပြီး မိတ်ဆက်ဖွယ်ရှိပါတယ်။ ဒါပေမယ့်လည်း Mate 40 flagship ကတော့ ကုမ္ပဏီရဲ့ Kirin-series flagship chipset ကို အသုံးပြုထားတဲ့ နောက်ဆုံး စမတ်ဖုန်း ဖြစ်နိုင်တယ်လို့ အရိပ်အမြွက်ပြောခဲ့ပါသေးတယ်။

Ref: Gizmochina