Xiaomi ဟာ Redmi 8 ထက် ပိုဈေးချိုတဲ့ Redmi 8A ကို အရင်နှစ်က ရောင်းချခဲ့ပြီး ဒီနှစ်မှာတော့ Redmi 9 အပြင် ဈေးပိုချိုတဲ့ 9C နဲ့ 9A တို့ကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ အခုတော့ FCC Database မှာ မော်ဒယ်နံပါတ် M2006C3LG ပါတဲ့ စမတ်ဖုန်း ၁ လုံးကို မှတ်ပုံတင်ထားပြီး ဒါဟာ Redmi 9A ဖြစ်နိုင်ပါတယ်။

FCC က စာရင်းမှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်များစွာ ဖော်ပြထားခြင်း မရှိသေးဘဲ 4,900mAh ဘက်ထရီနဲ့ 10W Charging ပါမယ်လို့ပဲ သိရပါတယ်။ နောက်ဆုံးထုတ် MIUI 12 Firmware ပါလာမှာ ဖြစ်ပါတယ်။ အနောက်ဘက်ကို ပြသထားတဲ့ ပုံကြမ်းတွေကို တွေ့ရပြီး အောက်ခြေမှာ Redmi Branding ရေးထိုးထားပါတယ်။ အန်တင်နာတွေရဲ့ တည်နေရာကိုလည်း ဖော်ပြထားပါတယ်။

အရင်နှစ်ထုတ် Redmi 8A မှာ Redmi 8 ရဲ့ အစိတ်အပိုင်းတွေကို လျှော့ချထားပြီး အနောက်ဘက်မှာ 2MP Depth ကင်မရာ မပါလာပါဘူး။ Redmi 8A ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်မှာ 2GB RAM ပဲ ထည့်ထားပါတယ်။ Redmi 9A မှာ 3GB RAM လောက်ထည့်ထားမယ်လို့ ထင်ရပြီး အနောက်ဘက်မှာ ကင်မရာ ၁ လုံးပဲ ပါလာနိုင်ပါတယ်။ Redmi 9 ရဲ့ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်ထားမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena