Huami CEO က နောက်ထွက်မယ့် Amazfit GTR 2 နဲ့ GTS 2 မှာ ပါတဲ့ အလန်းစား လုပ်ဆောင်ချက် အနည်းငယ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပို့စ် ၁ ခုနဲ့ အသိပေးခဲ့ပါတယ်။ အဲဒီ စမတ်နာရီတွေရဲ့ အကောင်းဆုံး တိုးတက်မှု ၁ ခုက သွေးတွင်းအောက်ဆီဂျင် ပမာဏကို တိုင်းတာပေးနိုင်လာတာ ဖြစ်ပြီး အခုဆိုရင် အဲဒီနည်းပညာကို တန်ဖိုးနည်း ချပ်ဝတ်တန်ဆာတွေမှာပါ ထည့်သွင်းပေးလာကြပါတယ်။

CEO က Apple အသစ်စက်စက် ကြေညာထားတဲ့ Watch Series 6 တွေကိုတောင် တိုက်ခိုက်လိုက်ပါသေးတယ်။ သူက GTR 2 နဲ့ GTS 2 ရဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏ တိုင်းတာတဲ့ လုပ်ဆောင်ချက်က ပိုဆရာကျတယ်လို့ ပြောပါတယ်။ အိပ်နေချိန်မှာ အသက်ရှူတဲ့ အခြေအနေကို ဒီနည်းပညာက တွက်ချက်ပေးနိုင်ပါသေးတယ်။

Amazfit GTR 2 နဲ့ GTS 2 မှာ တခြား အလန်းစား လုပ်ဆောင်ချက်တွေလည်း ပါလာမှာပါ။ Voice Assistant ထည့်သွင်းထားပြီး WiFi ဆက်သွယ်မှုနဲ့ဆိုရင် သီချင်းတွေကို ကြိုတင် Download လုပ်ထားပေးမှာပါ။ အရည်အသွေးမြင့်တဲ့ ဒြပ်ထုတွေနဲ့ တည်ဆောက်ထားမယ့်အတွက် Build Quality က အရမ်း ကောင်းမှာ သေချာပါတယ်။ ဒီဇိုင်းအပိုင်းမှာ အဲဒီ စမတ်နာရီ ၂ လုံးဟာ အများစု တူညီကြမှာ ဖြစ်ပါတယ်။

Amazfit GTR 2 နဲ့ GTS 2 ကို တရုတ်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး အဲဒီနောက်မှာ အမေရိကန်နဲ့ အာရှနိုင်ငံတွေမှာ မိတ်ဆက်နိုင်ပါတယ်။

Ref : gsmarena