Amazfit က ဘက်ထရီ သက်တမ်း ကောင်းမွန်ပြီး Sports Mode ၁၂၀ ပါတဲ့ GTS 4 Mini ကို ကြေညာလိုက်ပါတယ်။ စမတ်နာရီဟာ အလွန် ပေါ့ပါး ပါးလွှာပြီး အစောဆုံး အနေနဲ့ အိန္ဒိယမှာ ဒီလ ၁၆ ရက်နေ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Amazfit GTS 4 Mini မှာ ၁.၆၅ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး ၄ ဘက်စလုံးက ထောင့်စွန်းတွေဟာ ကွေးညွှတ်ပါတယ်။ Screen-to-body Ratio က ၇၀ ရာခိုင်နှုန်း ဖြစ်ပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။ နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏနဲ့ အိပ်စက်မှု အခြေအနေကို တိုင်းတာတွက်ချက်ပေးနိုင်တဲ့ ဆန်ဆာတွေ ပါပါတယ်။

စမတ်နာရီက အားကစား ၇ မျိုးကို အလိုအလျှောက် အာရုံခံနိုင်ပြီး Workout Mode ကို ပြောင်းဖို့ သင့်ကို အသိပေးမှာ ဖြစ်ပါတယ်။ အဓိက Global Positioning System ၅ ခုကို ထောက်ပံ့ထားတဲ့အတွက် နေအိမ် ပြင်ပမှာ တည်နေရာကို တိကျစွာ တွက်ချက်ပေးနိုင်ပါတယ်။

GTS 4 Mini မှာ 270mAh ဘက်ထရီ ပါလာပြီး ၁ ခါအားသွင်းထားရင် ၁၅ ရက် အသုံးခံသလို ဘက်ထရီ Saver Mode ကို သုံးရင် ၄၅ ရက်တောင် အသုံးခံပါတယ်။ ဒါပေမယ့် Always-on Display ကို ပိတ်ထားမှ အဲဒီ ဘက်ထရီ သက်တမ်းကို ရရှိမှာပါ။ Always-on Display အကြောင်းပြောရရင် Watch Faces များစွာမှာ လိုက်ဖက်တဲ့ AOD ဒီဇိုင်း ပါလာပါတယ်။

Midnight Black, Flamingo Pink, Mint Blue နဲ့ Moonlight White စတဲ့ မတူညီတဲ့ အရောင်တွေ ပါတဲ့ ဆီလီကွန် လက်ပတ်ကြိုးတွေ ထုတ်လုပ်ပေးထားတဲ့အတွက် ဖက်ရှင်ကျလှပပါတယ်။ ၆,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၁၆၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။

Ref : gsmarena