Amazon က Fire TV Device အသစ် ၂ ခုကို ကြေညာလိုက်ပါတယ်။ ၁ ခုက လက်ရှိ ရောင်းထားတဲ့ Fire TV Stick ရဲ့ မော်ဒယ် အသစ် ဖြစ်ပြီး နောက် ၁ ခုက Fire TV Stick Lite ဖြစ်ပါတယ်။ အဲဒီ Device တွေအကြောင်း မသိသေးသူတွေအတွက် ရှင်းပြချင်ပါတယ်။ Fire TV Stick တွေဟာ ရိုးရိုး တီဗီတွေကို စမတ်တီဗီလို သုံးလို့ရအောင် ပြုလုပ်ပေးနိုင်ပါတယ်။ Memory Stick ပုံစံဖြစ်ပြီး တီဗီရဲ့ HDMI Port မှာ တပ်ဆင်ကာ ဝိုင်ဖိုင် ချိတ်လိုက်တာနဲ့ ရိုးရိုး တီဗီမှာ အင်တာနက်က ရုပ်ရှင်၊ ဗီဒီယို၊ သီချင်းတွေကို ကြည့်ရှုခံစားနိုင်မှာပါ။

Fire TV Stick မှာ Fire TV Stick 4K ရဲ့ ပိုမြန်တဲ့ SoC နဲ့ အဆင့်မြှင့်ထားတဲ့အတွက် App တွေ ဖွင့်ရင် ပိုမြန်လာမှာပါ။ Dual-band , Dual-antenna WiFi ထောက်ပံ့ထားတဲ့အတွက် လိုင်း ပိုငြိမ်သလို ပိုမြန်လာပါတယ်။

1080p 60Hz ပဲ ထောက်ပံ့ပြီး 4K မရပေမယ့် အခုဆိုရင် HDR10 , HDR10+ နဲ့ HLG Content တွေကို ကြည့်ရှုခံစားနိုင်ပါပြီ။ Dolby Atmos ကိုလည်း ထောက်ပံ့လာတဲ့အတွက် အသံအရည်အသွေး ကောင်းလာပါတယ်။ 4K Version မှာလို Alexa Voice Remote ထည့်သွင်းပေးထားပါတယ်။

Fire TV Stick Lite နဲ့ Fire TV Stick တို့ဟာ အများစု တူညီကြပြီး ၁ ခုထဲသော ကွာခြားချက်က Remote ပါ။ Fire TV Stick Lite မှာ Alexa Voice Remote Lite ပါလာပြီး Function အများစုကို သုံးနိုင်ပေမယ့် အသံ အတိုး၊ အကျယ်နဲ့ အသံပိတ်တာတွေအတွက် ခလုတ်တွေ မပါလာပါဘူး။

ဈေးနှုန်းအကြောင်းပြောရရင် Fire TV Stick ကို ၄၀ ဒေါ်လာနဲ့ Fire TV Stick Lite ကို ၃၀ ဒေါ်လာ သတ်မှတ်ထားပြီး 4K Version က ၅၀ ဒေါ်လာ ရှိပါတယ်။ ၅ သောင်း ၂ ထောင်၊ ၃ သောင်း ၉ ထောင်နဲ့ ၆ သောင်းခွဲလောက် အသီးသီး ကျသင့်မှာပါ။

Ref : gsmarena