Google Pixel စမတ်ဖုန်းတွေဟာ ပုံမှန် Monthly Security Patch Update တွေကို ရရှိနေကြဖြစ်တဲ့အပြင် Pixel Feature Drops ဆိုပြီး Pixel ဖုန်းတွေသီးသန့်ပဲ အသုံးပြုနိုင်မယ့် Feature Update သစ်တွေကိုလည်း ရရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Google ကနေ မှားယွင်းပြီးတော့ June Security Patch Update အစား Android 11 Beta 1 ကို Pixel 4X အသုံးပြုနေတဲ့သူအချို့ဆီကို Update ထုတ်ပေးခဲ့တယ်လို့သိရပါတယ်။

အဆိုပါ Pixel 4 XL ဖုန်းအတွက်ထွက်ရှိလာတဲ့ Android 11 Beta 1 Update ဟာ Build Number အနေနဲ့ RPB1.200504.018 လို့ သတ်မှတ်ထားပြီးတော့ တခြားသော Google Pixel ဖုန်းတွေမှာတော့ အဆိုပါ Update ကို ရရှိခြင်းမရှိဘူးလို့ သိရပါတယ်။ အဆိုပါ Android 11 Beta 1 ကို ရရှိတဲ့သူတွေရဲ့ ပြောကြားချက်အရတော့ Quick Setting Media Control ၊ App Suggestion Feature အသစ်တွေအပြင် Icon Shape အသစ်တွေ၊ တခြားသော Feature ပိုင်းပြောင်းလဲမှုအများအပြားကိုလည်းတွေ့ရှိရတယ်လို့ ဖော်ပြခဲ့ပါတယ်။

Google ဟာ ပုံမှန်အတိုင်းဆိုရင် ယခုဇွန်လ ၃ ရက်နေ့မှာ Android 11 Beta Launch Show နဲ့အတူ Pixel ဖုန်းတွေအတွက် Android 11 Beta 1 ကို ထုတ်ပေးသွားဖို့စီစဥ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ US နိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့ မငြိမ်သက်မှုတွေကြောင့် အချိန်ကို ရွေ့ဆိုင်းထားတယ်လို့လည်း သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Android 11 ဟာ Feature ပိုင်းတွေအနေနဲ့ကတော့ လက်ရှိ Android 10 ကနေ ဘာတွေများ ပြောင်းလဲသွားဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။

Ref – Gizmo China