ဒီဇင်ဘာ ၂၀၂၀ Feature drop နဲ့အတူ Google ဟာ Pixel ဖုန်းရဲ့ဘက်ထရီသက်တမ်းအတွက် ညအချိန်မှာ ဖြည်းဖြည်းချင်းသာအားသွင်းနိုင်အောင် ပြုလုပ်ခဲ့ပါတယ်။ Pixel သုံးစွဲသူတွေအနေနဲ့ Adaptive Charging အတွေ့အကြုံနဲ့ ဆုံခဲ့ကြသလို၊ လွဲခဲ့ကြသူတွေလည်း ရှိပါတယ်။

Google ဟာ လိုအပ်ချက်တွေကို ချိန်ညှိပြီး Android 12 မှာ ထည့်သွင်းထားပြန်တယ်လို့ သိရပါတယ်။ Android 11 မှာတော့ Pixel ဖုန်းကို တစ်ညလုံးအားသွင်းမယ်ဆိုရင် ပထမ ၈၀% ကိုတော့ မြန်မြန်ဆန်ဆန်အားသွင်းပေးမှာဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနှေးကွေးသွားပါတယ်။ ဒါဟာ ဘက်ထရီရဲ့ သက်တမ်းကို ပိုမိုကြာရှည်စေတဲ့နည်းလမ်းလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အသုံးပြုသူအချို့ကတော့ ဒီလိုမျိုး စနစ်ကိုမကြိုက်နှစ်သက်ကြပါဘူး။ ဒီလိုနှေးကွေးတဲ့အားသွင်းစနစ်ကြောင့် မနက်ခင်းနှိုးစက်မည်ချိန်မှာ ရာနှုန်းပြည့်အားမဝင်သေးတာကို ကြုံတွေ့ကြရလို့ပဲ ဖြစ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Google အနေနဲ့ ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် Android 12 မှာတော့ Adaptive charging ဟာ ပိုပြီးတိုးတက်လာတာကို တွေ့နိုင်ပါတယ်။

Android 12 Beta ကို စောင့်ကြည့်လေ့လာသူတွေရဲ့အဆိုအရ Pixel device တွေဟာ မနက်ခင်း နှိုးစက်မမြည်ခင် မိနစ် ၃၀ နဲ့ ၉၀ အလိုမှာ ရာနှုန်းပြည့်အားသွင်းနေတယ်လို့ သိရပါတယ်။ Adaptive Charging ရဲ့သက်တမ်းဟာ ၈ လရှိပါပြီ။ ဒီတော့ Google အနေနဲ့ အသုံးပြုသူတွေရဲ့ တုံ့ပြန်စကားတွေကို နားထောင်ပြီး စွမ်းဆောင်ရည်နဲ့ ဘက်ထရီကျန်းမာရေးကြား မျှခြေရှိတဲ့အဖြေကို ယူနိုင်ခဲ့ပြီလို့ ယူဆရပါတယ်။

Ref: 9To5Google