WhatsApp ဟာ အခုနှစ်အတွင်းမှာ Feature Update တွေကို ဆက်တိုက်ကို ထုတ်ပေးနေတာဖြစ်ပြီး လုံခြုံရေးပိုင်းဆိုင်ရာ Feature အသစ်တွေလည်း အများအပြားပါဝင်လာပြီဖြစ်ပါတယ်။ အခုလည်း WhatsApp ကနေ Security ပိုင်းအသုံးဝင်တဲ့ Feature အသစ်ကို ထပ်မံထုတ်ပေးလိုက်ပါပြီ။

ဒါတော့ WhatsApp ရဲ့ Android App Version ကနေ Cloud ပေါ်ကို Backup ပြုလုပ်မှုတွေကို End-to-End Encryption Support ပေးလိုက်တာပဲဖြစ်ပါတယ်။ အစောပိုင်းမှာ Beta Version တွေမှာ စမ်းသပ်နေခဲ့တာ အချိန်တစ်ခုရှိနေပြီဖြစ်ပြီးတော့ အခုအချိန်မှာတော့ မကြာခင်မှာ တရားဝင်ထုတ်ပေးတော့မယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

WhatsApp ဟာ Message ပေးပို့မှုတွေအတွက် End-to-End Encryption ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ထဲက စတင် Support ပေးခဲ့တာဖြစ်ပါတယ်။ iCloud နဲ့ Google Drive ကို Cloud Backup ပြုလုပ်ခွင့်ကိုလည်း ပေးထားတာအချိန်ကြာပြီဖြစ်ပေမယ့် အစောပိုင်းတုန်းက End-to-End Encryption ပါဝင်ခြင်းမရှိခဲ့တာကြောင့် 2FA ကိုပဲ အားထားခဲ့ရတာဖြစ်ပါတယ်။

WhatsApp ကို ပိုင်ဆိုင်တဲ့ Facebook ကနေ တရားဝင်ပြောကြားချက်အရတော့ အခုလိုမျိုး Cloud Backup အတွက် End-to-End Encryption ကို လာမယ့်ရက်သတ္တပတ်ပိုင်းအတွင်းမှာ ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ အဆိုပါ End-to-End Encryption ကို Enabled ပြုလုပ်ထားမယ်ဆိုရင် Backup Service Provider တင်မဟုတ်ဘဲ WhatsApp ကိုယ်တိုင်ကလည်း အဆိုပါ Backup ပြုလုပ်ထားတဲ့ Data တွေကို ဖတ်ရှုနိုင်မှာမဟုတ်တော့ပါဘူး။

End-to-End Encryption နဲ့ Backup ပြုလုပ်မယ်ဆိုရင် 64-bit Encryption Key သို့မဟုတ် Password ကို သတ်မှတ်ပြီး ရွေးချယ်နိုင်တယ်လို့ သိရပါတယ်။ 64-bit Encryption Key ကို ရွေးချယ်ထားပြီး တကယ်လို့ မေ့သွားတယ်ဆိုရင် လုံးဝကို Data တွေဆုံးရှုံးသွားမှာဖြစ်ပြီး Password ကို ရွေးချယ်မယ်ဆိုရင်တော့ မေ့သွားတယ်ဆိုရင် ပြန်လည် Reset ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Ref – 9to5Google