Android ဆိုရင် အခုအချိန်မှာ မသိတဲ့သူမရှိကြသလောက်ကို နည်းပါးနေပြီပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Google ရဲ့ Android OS ကို စမတ်ဖုန်းကုမ္ပဏီတွေအကုန်လုံးနီးပါး အသုံးပြုနေကြသလို လက်ရှိအချိန်မှာ Android Version 8.0 Oreo အထိ ရောက်ရှိနေပြီဖြစ်တဲ့အတွက် အလွန်ကောင်းမွန်တဲ့ OS တစ်ခုလို့ ပြောလို့ရနေပါပြီ။

ဒါပေမယ့်လည်း အခုပြောပြမယ့် Android နဲ့ ပတ်သတ်တဲ့အချက် ၅ ချက်က သင်လုံးဝမသိသေးတဲ့အချက် ၅ ချက်ပဲဖြစ်မှာပါ။

1. Android ဟာ Digital Camera တွေအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Android OS ကို ကင်မရာတွေမှာ အသုံးပြုတာမရှိပါဘူး။ ဒါပေမယ့်လည်း Android OS ဟာ ကင်မရာတွေမှာ အသုံးပြုဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီးတော့ ဒီဂျစ်တယ် ကင်မရာတွေမှာ အသုံးပြုမှာဖြစ်ပါတယ်။ Samsung ကနေ Galaxy S Camera ဆိုပြီးတောင် ထုတ်လုပ်ခဲ့သေးပေမယ့် နောက်ပိုင်းမှာ စမတ်ဖုန်းကင်မရာတွေက တိုးတက်မှုအလွန်မြန်ဆန်တဲ့အတွက် အခုအစီအစဉ်မဖြစ်ခဲ့တာဖြစ်မှာပါ။

2. 2017 နှစ်စမှာ Android ရဲ့ ဈေးကွက်ရှယ်ယာရယူထားမှုက ၈၅ ရာခိုင်နှုန်းအထိရှိနေ

Android OS က Apple iOS ထက် သုံးတဲ့သူပိုများတယ်ဆိုတာကို လူတိုင်းသိပါတယ်။ ဒါပေမယ့် Android OS ရဲ့ ဈေးကွက်ရှယ်ယာရရှိထားမှုက ဒီနှစ်စမှာ ၈၅ ရာခိုင်နှုန်းရှိနေပြီး iOS က ၁၅ ရာခိုင်နှုန်းပဲရှိတော့တာဖြစ်ပါတယ်။ နောက်နှစ် ၂၀၁၈ မှာဆိုရင် Android ရဲ့ ဈေးကွက်ရှယ်ယာဟာ ၉၀ ရာခိုင်နှုန်းအထိရှိလာမယ်လို့ ခန့်မှန်းထားကြပါတယ်။

3. Android ဆီကနေ နှစ်တိုင်း ဒေါ်လာ ၆ ဘီလီယံရရှိနေတဲ့ Microsoft

Microsoft ရဲ့ Windows ဖုန်းတွေဟာ လက်ရှိအချိန်မှာ သေဆုံးသွားပြီလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် Android ရှိနေတဲ့အတွက် Microsoft ဟာ Windows Mobile ကနေ ရရှိတာထက်ပိုမိုများပြားတဲ့ တစ်နှစ်ကို ဒေါ်လာ ၆ ဘီလီယံရရှိနေပါတယ်။ အဆိုပါ ပိုက်ဆံတွေဟာ Android အတွက် ထုတ်ပေးထားတဲ့ Microsoft Apps တွေကနေရရှိနေတာဖြစ်ပါတယ်။

4. 2004 တုန်းက Android ကို ဝယ်ယူဖို့ ကြိုးစားခဲ့တဲ့ Samsung

Samsung ဟာ လက်ရှိအချိန်မှာ Android ဖုန်းဈေးကွက်မှာ အကြီးမားဆုံးကုမ္ပဏီတစ်ခုဖြစ်နေဆဲပါ။ ဒါပေမယ့် Samsung က Android ကို ၂၀၀၄ ခုနှစ်တုန်းက ဝယ်ဖို့ ကြိုးစားခဲ့တယ်ဆိုတာကို သိကြတဲ့သူတွေကတော့ ရှားပါတယ်။ အဲ့ဒီအချိန်တုန်းက Samsung ရဲ့ ဝယ်ယူမှုက မဖြစ်မြောက်ခဲ့ပဲ Google က ပိုင်ဆိုင်သွားတဲ့အတွက် Android ကို Samsung ရဲ့ ပိုင်ဆိုင်မှုအနေနဲ့ မမြင်ရတော့တာပါ။

5. Nokia က Android OS ဟာ သူရဲ့ Symbian OS အတွက် ခြိမ်းခြောက်မှုမဟုတ်ဘူးလို့ ပြောကြားခဲ့

Nokia ဟာ အခုအချိန်ကြမှ အချိန်အတော်ကြာ အရှုံးပေါ်ပြီးမှာ စမတ်ဖုန်းဈေးကွက်ထဲကို ပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက Nokia ကပြောကြားခဲ့တာက ရယ်စရာဖြစ်နေပါတယ်။ အဲ့ဒါကတော့ Android ဟာ ၂၀၀၇ ခုနှစ်တုန်းက သေးငယ်တဲ့ OS တစ်ခုပဲဖြစ်နေသေးတဲ့အတွက် Nokia ရဲ့ Symbian OS အတွက် ကြောက်စရာမဟုတ်ဘူးလို့ ပြောကြားခဲ့တာပါ။