Google ရဲ့ Find My Device program ဟာ မကြာခင် Update တစ်ခု ရရှိတော့မှာ ဖြစ်ပါတယ်။ ဒီ Update အရ Android ဖုန်းတစ်လုံးဟာ အင်တာနက် ချိတ်ဆက်မှု မရှိဘူးဆိုရင်တောင်မှ ဘယ်မှာရှိလဲဆိုတာကို ဆုံးဖြတ်ပေးနိုင်မယ်လို့ သိရပါတယ်။

Google ရဲ့ Update သစ်အရ ဒီ Feature ဟာ iPhone ဒါမှမဟုတ် Samsung စမတ်ဖုန်းတွေမှာ ရရှိတဲ့လုပ်ဆောင်ချက်လိုပဲ ထိရောက်တဲ့ အသုံးဝင်မှုကို ယူဆောင်လာမယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Android ဖုန်းအားလုံးမှာ အသုံးပြုနိုင်မယ်ဆိုရင်တော့ Google ဟာ ကြီးမားတဲ့အထောက်အကူပြုမှုကြီးတစ်ခုကို ယူဆောင်လာတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။

အရင်တုန်းက စမတ်ဖုန်း ပျောက်ဆုံးချိန်၊ ဒါမှမဟုတ် ခိုးယူခံရချိန်တွေမှာ Find My Device app ကို အသုံးပြုပြီး ရှာဖွေတဲ့အခါ အင်တာနက် ချိတ်ဆက်မှုရှိဖို့ လိုအပ်ခဲ့ပါတယ်။ အကယ်၍ ရှာဖွေနေတဲ့ Device ကိုတွေ့ပြီဆိုရင် Lock ချတာ၊ Google account ကနေ Log out လုပ်တာ ဒါမှမဟုတ် Reset ပြုလုပ်တာမျိုးကို လုပ်ဆောင်နိုင်ပါတယ်။

“ယခုအခါ Find My Device အတွက် Encrypted ထောက်ပံ့လာပြီး နောက်ဆုံးသိထားတဲ့ တည်နေရာအစီရင်ခံမှုကို Android device တွေအတွက် ပံ့ပိုးပေးနေပါပြီ” လို့ Googel ရဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ Google update patch notes မှာ တွေ့မြင်ရတာလည်း ဖြစ်ပါတယ်။

နည်းလမ်းကတော့ ဖုန်းမှာအင်တာနက်ချိတ်ဆက်မှုမရှိပေမဲ့လည်း အနီးအနားက Bluetooth ဖွင့်ထားတဲ့ Device တွေက ရှာဖွေရာမှာ ကူညီနိုင်မယ်လို့ သိရပါတယ်။ ဒီနည်းလမ်းကို Apple နဲ့ Samsung တို့က အသုံးပြုနှင့်ပြီး ဖြစ်ပါတယ်။ ဘယ် Android device တွေမှာ ရရှိနိုင်မလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးတာကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: Gizchina