COVID 19 ပျံ့နှံမှုကြောင့် တစ်ကမ္ဘာလုံးက စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ကြပါတယ်။ ဒီထဲမှာ စမတ်ဖုန်း ထုတ်လုပ်မှုနယ်ပယ်လည်းပါဝင်ခဲ့ပါတယ်။ ကပ်ရောဂါကာလကြီးထဲမှာ ကမ္ဘာ့နာမည်ကြီး စမတ်ဖုန်းအမှတ်တံဆိပ်တွေအားလုံး ဝင်ငွေထိခိုက်ကြတယ်ဆိုပေမယ့် Apple ကတော့ အခြားတစ်ဘက်ကနေ ဝင်ငွေအချို့ရရှိနေပြန်ပါတယ်။

SensorTower နဲ့ Statista ကထုတ်ပြန်လိုက်တဲ့ နောက်ဆုံးအချက်အလက်တွေအရ Apple ဟာ ၂၀၂၀ ရဲ့ ပထမနှစ်ဝက်အတွင်းမှာ App Store မှာရှိတဲ့ Gaming Apps တွေကတစ်ဆင့် ဝင်ငွေ ဒေါ်လာ ၂၂.၂ ဘီလီယံ ရရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၆ ကနေ စပြီးကြည့်မယ်ဆိုရင် ဒီနှစ်ပထမနှစ်ဝက်ဟာ စံချိန်တင်ဝင်ငွေ ရရှိလိုက်တာလည်း ဖြစ်ပါတယ်။

ဒါဟာ နှစ်စဉ်တိုးတက်မှုရဲ့ ၂၃ ရာခိုင်နှုန်းထိ ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ပထမနှစ်ဝက်တုန်းက ဂိမ်းမင်းပိုင်းကနေ ဝင်ငွေ ဒေါ်လာ ၁၈.၁ ဘီလီယံဝင်ခဲ့တယ်ဆိုပေမယ့် ဒီနှစ်ကတော့ အပြတ်အသတ်သာလွန်သွားတာ ဖြစ်ပါတယ်။ ဒီဝင်ငွေတွေဟာ ဧပြီကနေ ဇွန်လအတွင်း ဒေါ်လာ ၁၁.၆ ဘီလီယံ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာတော့ Google Play Store ကဒေါ်လာ ၇.၇ ဘီလီယံ ရရှိခဲ့ပါတယ်။

ခြံငုံကြည့်မယ်ဆိုရင်တော့ Apple ဟာ ၂၀၂၀ ပထမနှစ်ဝက်မှာ မိုလ်ဘိုင်းဂိမ်းမင်းတွေကတစ်ဆင့် ဝင်ငွေ ၅၂ ရာခိုင်နှုန်း ပိုရခဲ့တာတွေ့ရပါတယ်။ နှိုင်းယှဉ်မယ်ဆိုရင် Google ကတော့ ဒေါ်လာ ၁၄.၆ ဘီလီယံ ရရှိခဲ့ပါတယ်။ ဒီလို ဝင်ငွေတိုးတက်လာတဲ့အကြောင်းရင်းက ကပ်ရောဂါကာလအတွင်း လူအများစုဟာ ဂိမ်းကိုပိုပြီး ကစားလာကြတာကြောင့်လည်း ဖြစ်ပါတယ်။

SensorTower ရဲ့ အချက်အလက်တွေအရ PUBG Mobile နဲ့ Honor of Kings ဟာ ၂၀၂၀ ပထမနှစ်ဝက်အတွင်း ဝင်ငွေအကြမ်းဆုံး ဂိမ်းနှစ်ခုဖြစ်ပါတယ်။ ဒီအတောအတွင်း PUBG Mobile နဲ့ Honor of Kings တို့ဟာ ဝင်ငွေ ၁ ဘီလီယကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။ Monster Strike ကတော့ ခန့်မှန်းဝင်ငွေ ဒေါ်လာ ၆၃၂ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

Ref: GSM Arena