Apple က အောက်တိုဘာလ ၁၈ ရက်နေ့မှာ Product သစ် မိတ်ဆက်ပွဲကို ကျင်းပမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပါတယ်။ အဲဒီ မိတ်ဆက်ပွဲရဲ့ အဓိက ထုတ်ကုန်က M1X လို့ ခေါ်တဲ့ Apple နောက်မျိုးဆက် ARM အခြေပြု M Series Chipset နဲ့ ၁၄ လက်မ ၊ ၁၆ လက်မ MacBook Pro Laptop အသစ်တွေ ဖြစ်လာမှာ သေချာသလောက်ရှိပါတယ်။ အခုတော့ ဝီဘိုမှ Leaker ၁ ယောက် ဖြစ်တဲ့ @PandalsBald က ကာလရှည်ကြာ သတင်းထွက်နေတဲ့ AirPods 3 ကို အဲဒီ မိတ်ဆက်ပွဲမှာ ချပြမယ်လို့ သတင်းပေးလာပါတယ်။

Apple က Pro မဟုတ်တဲ့ AirPods 2 ကို ၂၀၁၉ ခုနှစ် မတ်လကတည်းက ထုတ်လုပ်ရောင်းချထားတာ ဖြစ်တဲ့အတွက် မော်ဒယ်အသစ်ထွက်လာဖို့ အချိန်ကျနေပါပြီ။ တတိယမျိုးဆက် AirPods ကို Apple အရင်က ကျင်းပခဲ့တဲ့ မိတ်ဆက်ပွဲတွေမှာ ပါလာမယ်လို့ ထင်ခဲ့ကြပေမယ့် မဖြစ်လာခဲ့ပါဘူး။

အရင်ကထွက်ခဲ့တဲ့ သတင်းတွေအရ Apple AirPods 3 မှာ AirPods Pro ဒီဇိုင်းကို အသုံးပြုထားမှာ ဖြစ်ပြီး Stem ပိုတိုလာမှာ ဖြစ်ပါတယ်။ Charging Case ဒီဇိုင်းကို ဆန်းသစ်ထားမှာ ဖြစ်ပြီး နားထဲထည့်သွင်း တပ်ဆင်ရတဲ့ ဒီဇိုင်းကတော့ အတူတူပဲ ဖြစ်မှာပါ။ ဆီလီကွန် Ear-tips မပါလာဘဲ Active Noise Cancelling လုပ်ဆောင်ချက်လည်း မထည့်သွင်းထားနိုင်ပါဘူး။ Apple ဟာ Active Noise Cancelling လုပ်ဆောင်ချက်ကို AirPods Pro မော်ဒယ်တွေမှာပဲ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

အနိမ့်ဆုံး ၁၉၉ ဒေါ်လာနဲ့ ရောင်းချမယ်လို့ အရင်က သတင်းထွက်ခဲ့ပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၃ သိန်း ၈ သောင်းလောက် ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena