ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Hyundai Motor ဟာ Apple နဲ့အတူ Autonomous driving vehicle ထုတ်လုပ်မှုပိုင်းမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေကြောင်းသတင်းကို ထုတ်ဖော်ပြီးသိပ်မကြာခင်မှာပဲ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် Apple Car တွေအတွက် အမေရိကန်ကုမ္ပဏီနဲ့ တောင်ကိုရီးယားကုမ္ပဏီတို့ ညှိနှိုင်းခဲ့ကြတာကတော့ ဖုံးဖိလို့မရဖြစ်သွားပါတယ်။

ဒီတစ်ပတ်မှာတော့ Hyundai Motor နဲ့ Apple တို့ရဲ့ ညှိနှိုင်းမှုတွေဟာ တိုးတက်မှုတွေရှိနေပြီး Apple Car ထုတ်လုပ်မှုအတွက် သဘောတူညီချက်ကို လာမယ့် မတ်လမှာ အပြီးသတ်ဆုံးဖြတ်နိုင်တယ်လို့ သတင်းထွက်လာပြန်ပါတယ်။ ကုမ္ပဏီနှစ်ခုစလုံးဟာ လာမယ့် ၂၀၂၄ ခုနှစ်အတွင်း ကားအစီးရေ တစ်သိန်း ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း Reuters သတင်းဌာနက အခိုင်မာ ရေးသားဖော်ပြထားတာလည်း ဖြစ်ပါတယ်။

ဒီကုမ္ပဏီနှစ်ခုအနေနဲ့ စတင်ထုတ်လုပ်ပြီးနောက် နှစ်ပတ်လည်သွားချိန်မှာ ကားအစီးရေပေါင်း ၄ သိန်းအထိ ထုတ်လုပ်သွားနိုင်ရေးရည်မှန်းထားတယ်လို့လည်း သိရှိရပါတယ်။ ဒါ့အပြင် လာမယ့်နှစ်မှာတော့ Apple Car “Beta Version” ကိုလည်း စမ်းသပ်သွားနိုင်တယ်လို့ အခိုင်အမာ ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်အထိ Apple Car နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ၊ Features တွေကို မသိရသေးပါဘူး။ ကုမ္ပဏီအနေနဲ့ Apple Car တွေအတွက် အထူးဘက်ထရီနည်းပညာသစ်ကိုအသုံးပြုဖို့ စီစဉ်နေကြောင်းတသင်းတွေပဲ ထွက်ပေါ်ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။

Apple Car အတွက် လိုအပ်တဲ့အစိတ်အပိုင်းတွေကို အမေရိကန်မှာရှိတဲ့ Hyundai Motor စက်ရုံမှာ ပြုလုပ်မယ်လို့လည်း သိထားရပါတယ်။ ၂၀၂၄ ခုနှစ်မှာ စီးပွားဖြစ် Apple Car ထုတ်လုပ်နိုင်မယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး Apple Analyst Ming-Chi Kuo ကလည်း မဖြစ်နိုင်ကြောင်း သုံးသပ်ထားတာကြောင့် ပိုပြီးစိတ်ဝင်စားစရာ ကောင်းနေပါတော့တယ်။

Ref: Gizmochina