OpenAI ကုမ္ပဏီရဲ့ ChatGPT AI ဟာဆိုရင် လက်ရှိအချိန်မှာ လူသုံးအများဆုံးနဲ့ အအောင်မြင်ဆုံးလို့ ပြောနိုင်ပါတယ်။ ဒီလိုမျိုး AI နည်းပညာတွေက သာမန်လူတွေအတွက် ပိုပြီး လွယ်ကူအဆင်ပြေသွားစေပေမယ့် နည်းပညာကုမ္ပဏီကြီးတွေကတော့ သဘောမတွေ့တဲ့ ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် လက်ရှိအချိန်မှာ Samsung ၊ JP Morgan ၊​ Golden Sachs အပြင် တခြားသော ကုမ္ပဏီကြီးတွေက ChatGPT အသုံးပြုမှုကို ပိတ်ပင်ထားတာကြောင့်ဖြစ်ပါတယ်။ အခုလည်း Apple ကနေ အလုပ်ခွင်မှာ ChatGPT လိုမျိုး AI Chatbot တွေကို အသုံးမပြုရဘူးဆိုပြီး သတိပေးပိတ်ပင်လိုက်ပါပြီ။​

Apple ဟာ ChatGPT လိုမျိုး AI Chatbot တွေကိုတင် Ban လိုက်တာမဟုတ်ဘဲ Microsoft Copilot လိုမျိုး Microsoft Office မှာ အသုံးပြုနိုင်တဲ့ အထောက်အကူပြု Feature တွေကိုပါ အသုံးမပြုဖို့ ဝန်ထမ်းတွေကို သတိပေးထားတာဖြစ်ပါတယ်။ အဆိုပါ သတင်းကို နာမည်ကြီး Media တစ်ခုဖြစ်တဲ့ Wall Street Journal ကနေ ဖော်ပြခဲ့တာပါ။

ChatGPT အပါအဝင် AI Chatbot တွေဟာ အသုံးပြုသူတွေရဲ့ သတင်းအချက်အလက် Data တွေကို ကောက်ယူပြီး ပိုကောင်းတဲ့ ရလဒ်တွေကို ဖော်ပြတာကြောင့် အခုလိုမျိုး နည်းပညာကုမ္ပဏီတွေက အသုံးပြုဖို့ကို တားမြစ်နေကြတာဖြစ်ပါတယ်။ ဒါ့အပြင် ChatGPT မှာဆိုရင် မေးမြန်းထားတဲ့ Chat History ကို ပြန်လည်ကြည့်ရှုနိုင်တာကြောင့် သတင်းပေါက်ကြားနိုင်ခြေများပြားတာကြောင့်လည်း ဖြစ်ပါတယ်။

အခုလို Apple ကနေ ChatGPT ကို အလုပ်ခွင်မှာ အသုံးပြုခွင့်ပိတ်ပင်လိုက်ပေမယ့် မကြာသေးခင်ကမှ ChatGPT ရဲ့ Official App ကို iOS အတွက် App Store မှာ ထုတ်ပေးခဲ့ပါသေးတယ်။

Ref – Gizmo China