Apple ဟာ အရင်နှစ်ကထက် ဒီနှစ် iPhone 12 Series အသစ်တွေကို ရောင်းချတဲ့ အချိန်နောက်ကျမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာ ကြာနေပါပြီ။ ဒါပေမယ့် အရမ်း နောက်ကျမှာ မဟုတ်ဘဲ ရက်သတ္တပတ် အနည်းငယ်လောက်ပဲ နောက်ကျမယ်လို့ သိခဲ့ရပါတယ်။

အခုတော့ Apple က ဒီသတင်းတွေကို အတည်ပြုလိုက်ပါတယ်။ Apple CFO Luca Maestri က “ Apple ဟာ ပြီးခဲ့တဲ့နှစ်မှာ iPhone အသစ်တွေကို စက်တင်ဘာလနှောင်းပိုင်းမှာ ရောင်းချပေးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ ရက်သတ္တပတ် အနည်းငယ်ကြာပြီးမှ ရောင်းချနိုင်ပါတယ်။ “ လို့ ပြောပါတယ်။

အဲဒီအတွက် ဒီနှစ် တတိယ ကွာတား ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်းမှာ iPhone 12 Series အသစ်တွေကို ရောင်းချနိုင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။

အရင်သတင်းတွေအရ iPhone 12 Series ကို စက်တင်ဘာလမှာ ကြေညာနိုင်ပြီး အောက်တိုဘာလ မတိုင်ခင် ရောင်းချမှာ မဟုတ်ဘူးလို့ သိရပါတယ်။ Apple အတွက် Modem တွေ ထုတ်လုပ်ပေးမယ့် Qualcomm ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ iPhone 12 Series ရောင်းချချိန်နောက်ကျနိုင်တယ်လို့ အရိပ်အမြွက် သတင်းပေးခဲ့ပါတယ်။

Ref : gsmarena