Samsung ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် တတိယသုံးလပတ်မှာ စုစုပေါင်းဈေးကွက်ဝေစုရဲ့ ၂၁.၂% ကိုပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားအမှတ်တံဆိပ်ရဲ့ အနေအထားဟာ ကျဆင်းသွားဖွယ်ရှိတာကို တွေ့မြင်နေရပါတယ်။

တစ်ဖက်မှာတော့ Apple ဟာ iPhone 13 ရဲ့ အံ့အားသင့်ဖွယ်ရောင်းအားကြောင့် ၂၀၂၁ ခုနှစ်ရဲ့ စတုတ္ထသုံးလပတ်မှာ Samsung ကို ကျော်တက်နိုင်ဖွယ် အလားအလာကောင်းကို တွေ့မြင်နေရပါတယ်။ အစီရင်ခံစာသစ်အရ Samsung ရဲ့ စမတ်ဖုန်းဈေးကွက်ဝေစုဟာ လက်ရှိသုံးလပတ်အကုန်မှာ ၂၀% အောက်ကို ကျဆင်းသွားဖွယ်ရှိကြောင်း သိရပါတယ်။

ဈေးကွက်သုတေသနလုပ်ငန်းကြီးဖြစ်တဲ့ TrendForce ကတော့ Samsung ရဲ့ ဈေးကွက်ဝေစုဟာ ၂၀၂၁ ခုနှစ် စတုတ္ထသုံးလပတ်မှာ ၁၉.၄% အထိ ကျဆင်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။ အခြားတစ်ဖက်မှာတော့ Apple ရဲ့ ဈေးကွက်ဝေစုက ၂၃.၃% အထိ ချဲ့ထွင်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ Apple အနေနဲ့ Samsung ကို ကျော်တက်သွားတဲ့အခိုက်အတန့် ဖြစ်လာနိုင်ပါတယ်။

Apple ဟာ အဆိုပါကာလအတွင်းမှာ iPhone SE 2020 ယူနစ်ပေါင်း ၂၅ သန်းကျော်ကို ရောင်းချနိုင်ဖွယ်ရှိပါတယ်။ OPPO ကတော့ ၁၃.၉% နဲ့ ဈေးကွက်ဝေစုရဲ့ တတိယနေရာကိုယူထားပြီး Xiaomi က ၁၂.၇% နဲ့ Vivo က ၉.၈% ကိုယူထားပြီး စတုတ္ထနဲ့ ပဉ္စမနေရာအသီးသီးမှာ ရပ်တည်နေပါတယ်။

၂၀၂၂ ခုနှစ် ပထမသုံးလပတ်မှာတော့ Galaxy S22 ကြောင့် Samsung ရဲ့ အခြေအနေက တိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ကုမ္ပဏီဟာ Galaxy S22 အလုံးရေ ၃၃ သန်းတော့ အနည်းဆုံးအဖြစ်ရောင်းချနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒါ့အပြင် လာမဲ့ ဇန်နဝါရီအစောပိုင်းမှာမိတ်ဆက်မဲ့ Galaxy S21 FE ကလည်း အားဖြည့်ကူညီလာဖွယ်ရှိပါတယ်။

Ref: SamMobile