Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ကိုယ်ပိုင် M1 Chip ကို အသုံးပြုထားတဲ့ MacBook Air နဲ့ MacBook Pro Laptop တွေကို မိတ်ဆက်ခဲ့ပါတယ်။ ယခုနှစ်အတွင်းမှာလည်း ပိုပြီးစွမ်းဆောင်ရည်ကောင်းမွန်တဲ့ M1X သို့မဟုတ် M2 Chip ကို အသုံးပြုထားတဲ့ MacBook 14 နဲ့ MacBook 16 ၂ မျိုးကို မိတ်ဆက်ဖို့ရှိနေပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ Chipset ပြတ်တောက်မှုပြဿနာကြောင့် နှစ်ကုန်ပိုင်းမှပဲ မိတ်ဆက်လာနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Apple ကနေ မိတ်ဆက်ဖို့စီစဥ်ထားတဲ့ MacBook တွေထဲမှာ MacBook Pro တွေပဲ မဟုတ်ဘဲ MacBook Air အသစ်လည်း ပါဝင်တယ်ဆိုပြီး သတင်းတွေထွက်ရှိလာပါတယ်။ အဆိုပါသတင်းကိုတော့ Apple နဲ့ သက်ဆိုင်တဲ့သတင်းတွေကို အမြဲတမ်းတင်နေကြဖြစ်တဲ့ Mark Gurman ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ပြောကြားချက်အရတော့ Apple ဟာ MacBook Air အသစ်ကို M1X Chip အသုံးပြုလာမှာဖြစ်ပြီး GPU ပိုင်းကိုလည်း အမြင့်ဆုံး 10-Cores အထိ အဆင့်မြှင့်တင်လာနိုင်တယ်လို့ သိရပါတယ်။ နောက်ထပ် Design ပိုင်းမှာလည်း ယခင် MacBook Air တွေနဲ့ လုံးဝမတူညီတဲ့ Design အသစ်နဲ့ မိတ်ဆက်လာဦးမှာဖြစ်ပါတယ်။

အဲ့ဒါကြောင့် MacBook Air အသစ်ဟာ ပြီးခဲ့တဲ့ လပိုင်းတုန်းက မိတ်ဆက်ထားခဲ့တဲ့ M1 iMac 24″ လိုမျိုးပဲ အရောင်မျိုးစုံရွေးချယ်နိုင်မှာဖြစ်ပြီး လူငယ်တွေအတွက် ပိုပြီး ရွေးချယ်စရာဖြစ်လာမှာပါ။ USB-C Port တွေအနေနဲ့ကတော့ အခုလိုမျိုးပဲ ၂ ပေါက်ပဲ ထည့်သွင်းထားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Apple MacBook Air ဟာ အမြဲတမ်းရောင်းအားအကောင်းဆုံး Laptop တွေထဲမှာ ပါဝင်တဲ့အတွက် အခုလိုမျိုး Design ကအစ အကုန်ပြောင်းလဲပြီးမိတ်ဆက်လာမယ်ဆိုရင် ထပ်ပြီးရောင်းအားကောင်းမှာတော့ သေချာနေပါတယ်။

Ref – Mac Rumors