Apple ကနေ မိတ်ဆက်ထားတဲ့ iPhone 14 Series ဟာ အခုနှစ်ကုန်ပိုင်းအချိန်အထိ ဝယ်လိုအားအလွန်မြင့်မားနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် iPhone 14 Pro နဲ့ iPhone 14 Pro Max ဖုန်းတွေဟာ အခုနှစ်ကုန်ပိုင်း ဝယ်လိုအားပြည့်မှီအောင်ထုတ်လုပ်နိုင်ဖို့ အသည်းအသန်ကြိုးစားနေရတဲ့အထိကို ရောင်းအားကောင်းနေတာဖြစ်ပါတယ်။

ဒီလိုမျိုး iPhone 14 Series ဖုန်းတွေရောင်းအားကောင်းနေတာက US လိုမျိုး နိုင်ငံတွေတင်မဟုတ်ဘဲ တရုတ်နိုင်ငံမှာပဲ ရောင်းအားအလွန်ကောင်းနေတယ်လို့ သိရပါတယ်။ အခုလည်း Apple ဟာ တရုတ်နိုင်ငံအတွင်းမှာ တစ်လချင်းအနေနဲ့ အမြင့်မားဆုံး စျေးကွက်ရှယ်ယာကို ရယူထားနိုင်ပြီဖြစ်ပါတယ်။

ဒါက ပြီးခဲ့တဲ့အောက်တိုဘာလအတွက် Apple ဟာ တရုတ်နိုင်ငံ စမတ်ဖုန်းစျေးကွက်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အဓိပ္ပါယ်အနေနဲ့ကတော့ အဆိုပါ အောက်တိုဘာလအတွင်းမှာ တရုတ်နိုင်ငံတွင်း ရောင်းချရတဲ့ စမတ်ဖုန်း ၄ လုံးမှာ ၁ လုံးက iPhone ဖြစ်နေတဲ့အထိကို အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Courterpoint Research ကုမ္ပဏီကနေ ပြုလုပ်တဲ့စစ်တမ်းအရ တခြားသော တရုတ်ပြည်တွင်းစမတ်ဖုန်းကုမ္ပဏီတွေရောင်းအားကျဆင်းတဲ့အချိန်မှာ Apple ဟာ ၂၁ ရာခိုင်နှုန်းအထိ ရောင်းအားတိုးတက်ခဲ့တာဖြစ်ပါတယ်။ မနှစ်တုန်းကနဲ့ နှိုင်းယှဥ်ရင်လည်း တရုတ်နိုင်ငံတွင်း စမတ်ဖုန်းတွေအားလုံးရောင်းချရမှုဟာ ၁၅ ရာခိုင်နှုန်းကျဆင်းခဲ့ပေမယ့် Apple ကတော့ မနှစ်တုန်းကထက် ၄ ရာခိုင်နှုန်းပဲ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ကတော့ ဒီနှစ်မှာ iPhone 14 Series ဖုန်းတွေနဲ့ တကမ္ဘာလုံးစျေးကွက်မှာလည်း ပထမနေရာကို ဆက်လက်ဦးဆောင်သွားဖို့ကတော့ သေချာနေပါပြီ။

Ref – Gizmo China