Apple ဟာ နေရာအများစုက သူ့ရဲ့ကော်ပိုရေးရှင်းအလုပ်သမားတွေအတွက် Mask တပ်ရမယ်ဆိုတဲ့ လိုအပ်ချက်ကို လျှော့ချပေးလိုက်ပြီလို့ The Verge က ရေးသားဖော်ပြထားပါတယ်။ ဒီဖြေလျှော့ချက်ကို Apple က တရားဝင် Email နဲ့ ပေးပို့အကြောင်းကြားထားလည်း ဖြစ်ပါတယ်။

Apple ဟာ Mask တပ်ဆင်ရေး၊ မတတ်ဆင်ရေးနဲ့ပတ်သက်ပြီး မဖြစ်မနေပြုလုပ်ရမယ်ဆိုတဲ့ အသုံးအနှုန်းကို ရှောင်ရှားထားပါတယ်။ ဒါကြောင့် အလုပ်သမားတွေအနေနဲ့ Mask တပ်စရာမလိုဘူးလို့ယူဆရင်လည်း မတတ်ဘဲ နေနိုင်သလို၊ တပ်ချင်သေးတယ်ဆိုရင်လည်း ဆက်ပြီးတပ်ဆင်ထားနိုင်ဦးမှာ ဖြစ်ပါတယ်။

“အကယ်၍ Mask တပ်ဆင်ရတာက ပိုပြီးအဆင်ပြေတယ်လို့ထင်ရင်လည်း တွေဝေမနေပါနဲ့။ Mask တပ်မယ်၊ မတတ်ဘူးဆိုတာနဲ့ပတ်သက်ပြီး တစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါ” လို့လည်း Email မှာ ထည့်သွင်းရေးသားထားပါတယ်။ အံ့အားသင့်စရာကောင်းတာကတော့ ဒီစာကိုထုတ်လိုက်ချိန်ပါပဲ။

လက်ရှိအချိန်ဟာ COVID-19 ရဲ့ လျင်မြန်စွာနဲ့ကူးစက်နိုင်တဲ့ BA.5 မျိုးကွဲပျံ့နှံ့မှု မြင့်မားနေချိန်ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်သတ္တပတ်အစောပိုင်းတုန်းက Bay Area transit system BART က Mask လိုအပ်ချက်ကို ပြန်လည်အသက်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ Apple ကတော့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ဆိုရမှာပါပဲ။

Apple ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ ဝန်ထမ်းအချို့ကို ရုံးပြန်တက်ဖို့စတင်တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေ တစ်ပတ်ကို သုံးရက် လူကိုယ်တိုင် ရုံးကိုလာပြီးအလုပ်လုပ်ရမဲ့ Full hybrid model ကို အကောင်အထည်အဖော်တော့တာလည်း ဖြစ်ပါတယ်။

Ref: The Verge