Apple ဟာ ဟောင်ကောင်မှာ မှတ်ပုံတင်ခြင်း အသစ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ကြော်ငြာဆောင်ပုဒ်တစ်ခုကို မူပိုင်ခွင့် မှတ်ပုံတင်ခဲ့တာဖြစ်ပြီး ကုမ္ပဏီရဲ့ ရှိပြီးသား iPhone Upgrade Program နဲ့ ဆင်တူတဲ့ Program လို့ ယူဆရပါတယ်။

Apple ဟာ ကြော်ငြာဆောင်ပုဒ်မှတ်ပုံတင်တာကို ပြီးခဲ့တဲ့ စက်တင်ဘာလက ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း အချို့ဆောင်းပါးတွေမှာ ရေးသားဖော်ပြထားပါသေးတယ်။ နောက်တစ်ချက်က Apple ဟာ ဒီလိုတင်သွင်းဖို့အတွက် Barker & Mckenzie အမည်ရှိတဲ့ Firm ကတစ်ဆင့် ကိုယ်စားတင်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။

မှတ်ပုံတင်ထားတဲ့နေရာမှာ Class 35 နဲ့ 36 sub-categories တွေရှိတာကြောင့် ယေဘုယျအားဖြင့် ဒီအမျိုးအစားတွေဟာ လက်လီရောင်းချတာနဲ့ Franchise လုပ်ပိုင်ခွင့်တွေ၊ ဘဏ္ဍာရေးဝန်ဆောင်မှုတွေလည်း ပါဝင်နေပါတယ်။ လတ်တလောပြောနိုင်တာကတော့ ဒီဝန်ဆောင်မှုတွေဟာ Apple ရဲ့ သုံးစွဲသူတွေကို ထောက်ပံ့ပေးတဲ့ iPhone Upgrade Program နဲ့ ဆင်တူတယ်ဆိုတာပါပဲ။

iPhone Upgrade Program ဆိုတာက Apple ရဲ့ ကိုယ်ပိုင် Trade-in (အဟောင်းပေး အသစ်ယူ) ဝန်ဆောင်မှုဖြစ်ပါတယ်။ အကယ်၍ Apple စတိုးကနေ၊ ဒါမှမဟုတ် Apple Store app သုံးပြီး Online ကတစ်ဆင့်၊ ဒါမှမဟုတ် ဝက်ဘ်ဆိုက်ကတစ်ဆင့် ၂၄ လသဘောတူညီမှုနဲ့ iPhone ဝယ်ယူမယ်ဆိုရင် ပထမ ၁၂ လ ငွေပေးချေအပြီး ဒုတိယ ၁၂လအတွက် ငွေဆက်မသွင်းတော့ဘဲ iPhone အဟောင်းကို အသစ်နဲ့ ပြန်လဲလှယ်ခွင့် ရှိပါတယ်။ အဲ့ဒီနောက် iPhone သစ်အတွက် ၂၄ လ သဘောတူညီမှုအသစ် ပြန်စမှာလည်း ဖြစ်ပါတယ်။

Ref: Phone Arena