ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်တုန်းက Apple အကြီးအကျယ် ပြဿနာတက်ခဲ့တဲ့ ကိစ္စဟာ အခုချိန်ထိ မပြီးသေးပါဘူး။ ဒါကတော့ Apple ဟာ သုံးစွဲသူတွေကို အသိမပေးဘဲ iPhone အဟောင်းတွေကို နှေးအောင် ပြုလုပ်ခဲ့တဲ့ ကိစ္စပါ။ အခုတော့ အဲ့ဒီကိစ္စအတွက် ဒဏ်ငွေ ယူရို ၂၅ သန်း ပေးဆောင်ရတော့မှာပါ။ ပြင်သစ် တရားရုံးက အမိန့်ချလိုက်တာဖြစ်ပါတယ်။ Apple ဟာ ဖုန်းအဟောင်းတွေရဲ့ သက်တမ်းကို ရှည်ကြာစေချင်တဲ့အတွက် iPhone တချို့ကို နှေးအောင် ပြုလုပ်ခဲ့တယ်ဆိုတာ ၂၀၁၇ ခုနှစ်က ဝန်ခံခဲ့ပါတယ်။

Apple ဟာ ဖုန်း အသစ်ဝယ်ချင်အောင် ဖုန်း အဟောင်းတွေကို နှေးကွေးသွားအောင် လုပ်တယ်လို့ သုံးစွဲသူများစွာက ကာလရှည်ကြာ သံသယဖြစ်ခဲ့တာပါ။ ၂၀၁၇ ခုနှစ်မှာ Apple က ဖုန်း အဟောင်းတွေကို နှေးအောင် လုပ်လိုက်တာ မှန်ကန်ပေမယ့် ဖုန်း အသစ်ဝယ်အောင်လုပ်တာ မဟုတ်ဘူးလို့ ဖြေရှင်းခဲ့ပါတယ်။ Apple က “ ဖုန်းတွေမှာ ပါတဲ့ လစ်သီယွန်အိုင်းယွန်း ဘက်ထရီတွေဟာ အချိန် ကြာလာတာနဲ့အမျှ စွမ်းရည်ကျသွားပါတယ်။ အဲဒီအတွက် iPhone ထဲက အီလက်ထရောနစ် အစိတ်အပိုင်းတွေကို ကာကွယ်ဖို့အတွက် အလိုလို Shut Down ဖြစ်သွားတာမျိူးတွေ ကြုံရတတ်ပါတယ်။ ဒါ့ကြောင့် ဘက်ထရီ စွမ်းဆောင်ရည် ချောမွတ်အောင် iPhone 6 , iPhone 6s နဲ့ iPhone SE တို့အတွက် Software Update ကို ဖြန့်ချိပေးခဲ့တာပါ။ “ လို့ ပြောခဲ့ပါတယ်။

Apple ဒီလို လုပ်ထားတာကို သုံးစွဲသူ ၁ ယောက်က Reddit မှာ သက်သေပြခဲ့ပါတယ်။ သူက iPhone 6S ဟာ အချိန်ကြာလာတာနဲ့အမျှ နှေးကွေးသွားပြီး ဘက်ထရီ လဲလိုက်ရင်တော့ မြန်သွားတယ်လို့ ပြောခဲ့ပါတယ်။ ပြင်သစ် တရားရုံးက Apple ဟာ iOS 10.2.1 နဲ့ 11.2 ကို အင်စတောလုပ်ရင် ဖုန်းနှေးသွားနိုင်တယ်ဆိုတာ အသိမပေးခဲ့ဘူးလို့ ပြောပါတယ်။

Ref : bbc