ပြီးခဲ့တဲ့ Time Flies event မှာ Apple ဟာ iPad 8th Generation, iPad Air 4th Generation, Apple Watch Series 6 နဲ့ Apple Watch SE စတာတွေကိုပဲ မိတ်ဆက်ပေးသွားတာပါ။ ဒါကြောင့် iPhone 12 တွေရဲ့အကြောင်းက ယိုစိမ့်လာတဲ့သတင်းတွေကိုပဲ စောင့်ကြည့်ကြရတုန်း ဖြစ်ပါတယ်။

လာမယ့်လထဲမှာ မိတ်ဆက်လာဖွယ်ရှိတဲ့ iPhone 12 မော်ဒယ်လေးခုထဲကမှာ iPhone 12 Pro Max ကိုတော့ AnTuTu Benchmark နဲ့အတူ တွေ့မြင်ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဟန်းဆက်ရဲ့ သိုလှောင်မှုပမာဏနဲ့ စွမ်းဆောင်ရည်အကြောင်းကို အနည်းငယ် သိလာရပါပြီ။ iPhone 12 Pro Max ရဲ့ ရလဒ်ကို AnTuTu ကိုယ်တိုင်က Weibo ပေါ်မှာ မျှဝေခဲ့တာပါ။

စိတ်ဝင်စားစရာကောင်းတဲ့အချက်က iPhone 12 Pro Max မှာ 6GB of RAM နဲ့ 128GB storage တွေ ပါဝင်တယ်ဆိုတာပါပဲ။ ဒါကြောင့် iPhone 12 တွေမှာ သိုလှောင်မှုပမာဏတွေ ဘယ်လောက်ထိ ရွေးချယ်ခွင့်ရလာမလဲဆိုတဲ့ မေးခွန်းကို မေးရတော့မှာပါ။ နောက်တစ်ချက်က iPhone 12 Pro Max ဟာ 6GB of RAM ပါဝင်တဲ့ ပထမဆုံး iPhone လည်း ဖြစ်လာနိုင်ပါတယ်။

A14 Bionic Chip ဟာ ကမ္ဘာ့ ပထမဆုံး 5nm Processor ဖြစ်ပေမယ့် A13 Bionic နဲ့ အဓိကစွမ်းဆောင်ရည်ပိုင်းမှာ ကွာခြားမှုမရှိဘူးလို့ ဆိုရပါမယ်။ စုစုပေါင်းရမှတ်ဟာ 572,333 မှတ်ဖြစ်ပြီး ဒါဟာ 7nm Qualcomm Snapdragon 865/865+ သုံး Android စမတ်ဖုန်းတွေထက် နည်းပါးတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် AnTuTu ရဲ့ iPhone 12 Pro Max နဲ့ iPhone 11 Pro Max နှစ်ခုရဲ့ စမ်းသပ်ရလဒ်နှိုင်းယှဉ်မှုမှာလည်း ရမှတ်ချင်း သိပ်မကွာခြားတာကိုတွေ့ရပြီး လာမယ့် iPhone သစ်ဟာ 5nm ဖြစ်ပေမယ့် 7nm ထက် ၉% ပဲ စွမ်းဆောင်ရည် ပိုကောင်းလာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိတွေ့မြင်ရတဲ့ စမ်းသပ်ရလဒ်ဟာ ရှေ့ပြေးပုံစံကို စမ်းသပ်ထားတာဖြစ်တဲ့အတွက် ရလဒ်ပြောင်းလဲမှုကိုလည်း တွေ့မြင်လာရဖွယ်ရှိပါသေးတယ်။

Ref: Gizmochina