Apple ရဲ့ iPhone 12 တွေနဲ့ ပတ်သက်တဲ့ကောလာဟလတွေထဲမှာ ဒီသတင်းကတော့ ပန်းသီး Fan တွေအတွက် သိပ်ပြီး ပျော်ဖို့ကောင်းမယ်မထင်ပါဘူး။ အကြောင်းက iPhone 12 တွေမှာ 5G အတွက်အသုံးပြုရမယ့် ကုန်ကျစရိတ်ကို ထေမိစေဖို့အတွက် အခြားတစ်နေရာမှာ အပြောင်းအလဲလုပ်မယ်ဆိုတာပါပဲ။

ဒီသတင်းကို သယ်ဆောင်လာသူက Apple ရဲ့ အကြောင်းကို အစဉ်တစိုက်လေ့လာပြီး ရေးသားဖော်ပြနေတဲ့ Ming-Chi Kuo ဖြစ်နေပါတယ်။ လာမယ့် iPhone သစ်တွေဟာ 5G ဟန်းဆက်တွေဖြစ်တာကြောင့် ယေဘုယျအားဖြင့် 4G LTE ထက် ကုန်ကျစရိတ်ပိုများမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Apple ဟာ ဈေးနှုန်းကို တတ်နိုင်သမျှ လျှော့ချဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Kuo ကတော့ iPhone သစ်တွေဟာ sub-6 5G ထောက်ပံ့ဖို့အတွက် $85 ဒါမှမဟုတ် Millimeter-wave ပေါင်းထည့်ဖို့အတွက် $135 ကုန်ကျမယ်လို့ Supplier ရဲ့ အချက်အလက်တွေကို ကိုးကားပြီး ပြောတာ ဖြစ်ပါတယ်။ ဒီအတွက် Apple ဟာ iPhone သစ်ရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချဖို့ ပိုပြီးရိုးရှင်းတဲ့ ဘက်ထရီဒီဇိုင်းကို အသုံးပြုဖို့ ရွေးချယ်လိုက်တယ်လို့ ဆိုပါတယ်။

iPhone 12 ဘက်ထရီဘုတ်ရဲ့ သတ်မှတ်ထားတဲ့ Layer အရေအတွက်လည်း လျော့နည်းသွားပြီး ဧရိယာလည်း သေးငယ်သွားမယ်လို့ သိရပါတယ်။ ဒီလိုလုပ်လိုက်ခြင်းက iPhone 11 စီးရီးတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် ဘက်ထရီအတွက် ကုန်ကျစရိတ်ကို ၄၀% ကနေ ၅၀% အထိ လျှော့ချနိုင်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

Apple အနေနဲ့ Hardboard ဒီဇိုင်းကိုစွန့်လွှတ်ပြီး ၂၀၂၁ မှာ Soft board ဘက်ထရီဒီဇိုင်းကို iPhone 12s တွေမှာ စတင်သုံးစွဲမယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် ဒီသတင်းကို အခုအချိန်ထိ အတည်ပြုလို့မရသေးတဲ့အတွက် ဆက်ပြီးတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: Gizmochina