Apple ဟာ သူ့ရဲ့နောက်ဆုံးပေါ် iPhone တွေကို စက်တင်ဘာလထဲမှာ မိတ်ဆက်လေ့ရှိတာပါ။ ဒီနှစ်ထဲမှာတော့ COVID-19 ကြောင့် မိတ်ဆက်ချိန်ဟာ ပုံမှန်ထက် နောက်ကျသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် Analysts Wedbush ကဖော်ပြမှုမှာတော့ 5G iPhone 12 စီးရီးကို စက်တင်ဘာထဲမှာပဲ မိတ်ဆက်သွားမယ်လို့ ရေးသားထားတာ ဖြစ်ပါတယ်။

ခြွင်းချက်တစ်ခုကတော့ စက်တင်ဘာမှာ မိတ်ဆက်မယ်ဆိုပေမယ့် iPhone 12 မော်ဒယ်အားလုံးကိုတော့ အောက်တိုဘာလထဲမှာမှ ရောင်းချမယ်ဆိုတဲ့အချက် ပါဝင်နေတာပါ။ ဒါဟာ Apple အနေနဲ့ ပြီးခဲ့တဲ့နှစ်က ကျင့်သုံးခဲ့တဲ့ မဟာဗျူဟာကို ပြန်လုပ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒီလိုသာဆိုရင်တော့ Apple ဟာ စက်တင်ဘာလမှာ မိတ်ဆက်ပွဲကိုပြုလုပ်မှာဖြစ်ပြီး အဲဒီလမှာပဲ မော်ဒယ်တစ်မျိုးကို ရောင်းချသွားမှာပါ။ ကျန်တဲ့မော်ဒယ်တွေကတော့ နောက်ထပ်တစ်လနောက်ကျပြီးမှ ရောင်းချတာမျိုး ဖြစ်ပါတယ်။ ဒီနှစ်မှာ Apple ဟာ သူ့ရဲ့ iPhone lineup ကို အနည်းငယ်အပြောင်းအလဲပြုလုပ်မယ့် ပုံစံလည်း ရှိနေပါတယ်။

လတ်တလောထွက်ထားတဲ့သတင်းတွေအရ Apple ဟာ iPhone သစ်တွေရောင်းချရာမှာ Charger နဲ့ Earpods တွေ ထည့်သွင်းပေးသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ ကုမ္ပဏီဘက်က အတိအလင်းထုတ်ဖော်ပြောဆိုခဲ့တာမဟုတ်ပေမယ့် အတော်လေးကို ခိုင်လုံတဲ့ရင်းမြစ်ကနေလာတဲ့ သတင်းဖြစ်ပါတယ်။

Charger နဲ့ Earpods တွေကို ထည့်သွင်းခြင်းမရှိတာဟာ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ဖို့အတွက်လို့ ယူဆရပေမယ့် iPhone မော်ဒယ်သစ်တွေရဲ့ ဈေးနှုန်းကတော့ လျော့ကျသွားမှာမဟုတ်ဘူးလို့လည်း သတင်းထွက်နေပါတယ်။ ကောလာဟလတွေအရ iPhone 12 စီးရီးတွေရဲ့ အခြေခံမော်ဒယ်တွေဟာ $749 ကနေစတင်မယ်လို့ သိရပါတယ်။

Ref: Gizmochina