Apple ဟာ iPhone 14 Series ဖုန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက မိတ်ဆက်ခဲ့ပါတယ်။ အခုဆို ၂၀၂၃ ခုနှစ်အတွက် Samsung Galaxy S23 Series အပါအဝင် Flagship ဖုန်းအသစ်တွေအပြိုင်အဆိုင်ထွက်ပေါ်လာနေပြီဖြစ်ပါတယ်။

ဒါကြောင့် Apple ဟာ iPhone 14 Series ဖုန်းတွေကို ဆက်လက်ရောင်းအားကောင်းနေစေဖို့အတွက် စျေးနှုန်းကို လျော့ချပြီး ရောင်းချဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အခုလောလောဆယ်မှာ အရင်ဆုံး တရုတ်နိုင်ငံစျေးကွက်မှာရောင်းချနေတဲ့ iPhone 14 Series တွေကို စျေးလျော့ပြီး ရောင်းချနေပြီဖြစ်ပါတယ်။

အခုလိုစျေးလျော့ပြီးရောင်းချမှုဟာ ပုံမှန်စျေးနှုန်းထက် အများဆုံး တရုတ်ယွမ်ငွေ ၈၄၈ ယွမ် (မြန်မာငွေ ၃ သိန်းကျော်) လျော့ပြီး ရောင်းချနေတာဖြစ်ပါတယ်။ ဖြစ်နိုင်ခြေများတာက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက iPhone ထုတ်လုပ်မှုပိုင်းမှာ COVID-19 ကြောင့် ထိခိုက်မှုတွေရှိခဲ့ပြီး ရောင်းအားကျဆင်းခဲ့တာကြောင့် အခုလို စျေးလျော့လိုက်တာဖြစ်နိုင်ပါတယ်။

တရုတ်နိုင်ငံတွင်း အကြီးမားဆုံး Online Retailer ကုမ္ပဏီတစ်ခုဖြစ်တဲ့ JD.com မှာ iPhone 14 Pro နဲ့ iPhone 14 Pro Max ဖုန်းတွေကို ယွမ် ၈၀၀ ခန့်စျေးလျော့ရောင်းချနေပြီး Member ဝင်ထားမယ်ဆိုရင် နောက်ထပ် ယွမ် ၅၀ လျော့ပေးနေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ တခြားသော အရောင်းဆိုင်တွေကလည်း အနည်းငယ် ၆၃၀ ယွမ်ကနေ ၇၂၅ ယွမ်အထိ လျော့ချပြီး ရောင်းချနေတယ်လို့ သိရပါတယ်။

အခုလိုမျိုး စျေးလျော့ပြီး iPhone 14 Series ကို ရောင်းချနေတာက တရုတ်နိုင်ငံအပြင် တခြားနိုင်ငံတွေမှာပါ ပြုလုပ်သွားမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China