မျိုးဆက်သစ် iPhone SE ကို မျှော်လင့်ခဲ့ကြတာ ၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းကတည်းက ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို စတုတ္ထသုံးလပတ်ထဲရောက်တဲ့အထိ iPhone SE 3 ကို တိတိပပ မမြင်ကြရသေးပါဘူး။ လွန်ခဲ့တဲ့ ၁၀ လလောက်က ထွက်ခဲ့တဲ့ Concept Renders တွေကလည်း သိပ်ကိုဟောင်းလွန်းတဲ့ သတင်းအချက်အလက်တွေသာ ဖြစ်နေခဲ့ပါပြီ။

ဒီရက်ပိုင်းအတွင်းထွက်ပေါ်လာတဲ့ သတင်းအချို့မှာတော့ Apple ရဲ့ iPhone SE 3 ဟာ Chipset ပိုင်းမှာ အဆင့်မြှင့်တင်ထားသလို 5G ကွန်ရက်ချိတ်ဆက်မှုကိုလည်း ရရှိမယ်လို့ ဖော်ပြထားကြပါတယ်။ ဂျပန်ရဲ့ Macotakara blog ကတော့ စိတ်ပျက်စရာသတင်းတစ်ခုကို လွှင့်တင်ခဲ့ပါတယ်။ အဲဒါကတော့ iPhone SE 3 ဟာ iPhone SE (2020) ရဲ့ ဒီဇိုင်းကိုပဲ ပြန်သုံးထားတယ်ဆိုတဲ့ သတင်းပါ။

တတိယမျိုးဆက် iPhone SE ရဲ့ ကျေနပ်လောက်စရာအဆင့်မြှင့်တင်မှုကတော့ iPhone 13 Series တွေလိုပဲ Apple ရဲ့ နောက်ဆုံးပေါ် A15 Bionic chip နဲ့ Qualcomm Snapdragon X60 5G modem လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ ဒါကလည်း ပေါက်ကြားသတင်းအနေနဲ့သာရှိနေသေးတာဖြစ်ပြီး ခိုင်မာတဲ့သက်သေအထောက်အထားကို မပြနိုင်သေးပါဘူး။

သတင်းအချို့ကတော့ iPhone SE 3 ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလောက်မှာစတင်ပြီး အလုံးအရင်းလိုက်ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ ကြေညာမဲ့အချိန်ကတော့ ၂၀၂၂ ခုနှစ် နွေဦးလို့ ခန့်မှန်းထားကြပါတယ်။ Apple ဟာ သူ့ရဲ့ Mini ဟန်းဆက်ကို လာမဲ့နှစ်ရဲ့ Lineup အဖြစ် လျာထားတာကြောင့် SE မော်ဒယ်ဟာ ကျစ်လျစ်တဲ့ဖုန်းမျိုးကိုမှနှစ်သက်သူတွေအတွက် Pocket-friendly အဖြစ် ပေါ်ထွက်လာမယ်လို့လည်း ကောလာဟလတွေထွက်နေပါသေးတယ်။

Ref: GSM Arena