Apple ဟာ မကြာသေးခင်တုန်းက MacBook Air နဲ့ MacBook Pro Laptop တွေအတွက် ကိုယ်ပိုင် M1 Chip ကို ပြောင်းလဲအသုံးပြုလာခဲ့တာဖြစ်ပါတယ်။ အဆိုပါ M1 Chip ဟာ 8-Core Processor အမျိုးအစားဖြစ်ပြီး 5nm Architecture ကို အခြေခံထားတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စမ်းသပ်ချက်တွေအရ Apple M1 Chip ကို အသုံးပြုထားတဲ့ MacBook Air နဲ့ MacBook Pro တွေဟာ Performance ပိုင်းအရရော၊ Battery Life မှာပါ ယခင် Intel Processor အသုံးပြုထားတဲ့ MacBook တွေထက် သိသိသာသာကို ပိုကောင်းနေတာဖြစ်ပါတယ်။ Apple အနေနဲ့လည်း ဒီ M1 Chip တင်မဟုတ်သေးဘဲ ဒီထက် စွမ်းဆောင်ရည်ပိုကောင်းတဲ့ ကိုယ်ပိုင် Chip တွေကို Mac ကွန်ပျူတာတွေမှာ အသုံးပြုသွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

အဆိုပါ Apple ရဲ့ ကိုယ်ပိုင် Chip တွေထဲမှာ 32-Core Processor တွေပါ ပါဝင်နေပြီး လက်ရှိ M1 Chip ထက် စွမ်းဆောင်ရည် ၄ ဆနီးပါး ပိုကောင်းနိုင်ပါတယ်။ Bloomberg ရဲ့ ဖော်ပြချက်အရတော့ Apple ကနေ အဆိုပါ Processor အသုံးပြုထားတဲ့ Mac ကွန်ပျူတာတွေကို အစောဆုံး လာမယ့် ၂၀၂၁ ခုနှစ်မှာတင် မိတ်ဆက်သွားနိုင်တယ်လို့ သိရပါတယ်။

Apple ဟာ Intel Processor အသုံးပြုမှုကို လာမယ့် ၂၀၂၂ ခုနှစ်မှာ လုံးဝရပ်ဆိုင်းသွားမှာဖြစ်ပြီး အဲ့ဒီအချိန်ကျရင် Mac ကွန်ပျူတာတွေအကုန်လုံးမှာ ကိုယ်ပိုင် Chip တွေပဲ အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Performance Core ၁၆ လုံးနဲ့ Efficiency Core ၄ လုံးပါဝင်တဲ့ 20-Core Processor တွေကိုလည်း စမ်းသပ်နေသလို Performance Core ၈ လုံး သို့မဟုတ် ၁၂ လုံးပါဝင်တဲ့ Processor တွေကိုလည်း မိတ်ဆက်သွားဖို့ရှိနေပါတယ်။

ဒါတင်မဟုတ်သေးဘဲ Productivity ပိုင်းအတွက်လိုအပ်တဲ့ GPU ပိုင်းမှာလည်း လောလောဆယ်မှာ 16-Core နဲ့ 32-Core GPU တွေကို စတင်စမ်းသပ်နေပြီဖြစ်သလို နောက်ပိုင်းမှာ GPU ကို 64-Core နဲ့ 128-Core တွေအထိ ထည့်သွင်းသွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ ယခု အစီအစဥ်တွေဟာ လာမယ့် ၂၀၂၂ ခုနှစ်မတိုင်ခင်မှာ အကုန်လုံးအကောင်အထည်ဖော်သွားမှာဖြစ်တဲ့အတွက် ဒီလာမယ့် ၂ နှစ်အတွင်းမှာ Mac ကွန်ပျူတာတွေအများအပြားထွက်ရှိလာနိုင်ပါတယ်။

Apple ဟာ လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ Design ပြောင်းလဲထားတဲ့ MacBook Pro 14-inch အပြင် Mini-LED Display နဲ့ MacBook တွေကိုပါ မိတ်ဆက်ဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

Ref – Gizmo China