လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီမှာ Apple နဲ့ Qualcomm တို့ဟာ တရားရင်ဆိုင်နေတာကို ရပ်တန့်ပြီး Chipset အတွက် သဘောတူညီမှုအသစ်ကို ရယူခဲ့ကြပါတယ်။ ဒီနောက်ပိုင်းမှာတော့ Apple က Qualcomm ကို နှစ်အကန့်အသတ်နဲ့သာ ရရှိတဲ့မူပိုင်ခွင့်အတွက် ဒေါ်လာ ၄.၇ ဘီလီယံ ပေးလိုက်ရပါတယ်။

အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးအနေနဲ့ တစ်နိုင်ငံတည်းသားလုပ်ငန်းရှင်ပေါ်မှာ ဒီလိုမျိုးမှီခိုနေရတာကို အတော်လေးခံပြင်းခဲ့ပုံပါပဲ။ ဒါကြောင့် အခြားထောက်ပံ့သူကို မမှီခိုဘဲ ကိုယ်တိုင် ထုတ်လုပ်သုံးစွဲဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ဒါပေမယ့်လည်း Qualcomm ရဲ့ 5G Modem တွေကို လာမယ့် ၂၀၂၃ ခုနှစ်အထိ ဆက်ပြီးသုံးနေရဦးမယ်လို့ အစီရင်ခံစာတွေက ဖော်ပြနေပါတယ်။

ဒါပေမယ့် Qualcomm နဲ့ဝေးရေး၊ တို့အရေးဆိုပြီး ရုန်းထွက်နေတဲ့ Apple ဟာ သူတို့ရဲ့ လှုပ်ရှားမှုကို အရှိန်မြှင့်တင်နေတာကြောင့် အခုအချိန်မှာ Cellular modem chip ဖွံ့ဖြိုးတိုးတက်မှုရဲ့ အစောပိုင်းအဆင့်တွေဆီ ရောက်ရှိနေပြီလို့ Bloomberg က ရေးသားဖော်ပြလာပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ Intel ရဲ့ Modem လုပ်ငန်းကို ဝယ်ယူခဲ့ပြီးနောက်ပိုင်း သိသာထင်ရှားတဲ့ တိုးတက်မှုလို့ ဆိုရမှာပါ။

အခုလည်း ARM-based M1 Chip တွေကို MacBook Pro, MacBook Air စတဲ့ထုတ်ကုန်တွေမှာ အသုံးပြုနေပြီး၊ မကြာခင်မှာပဲ ကိုယ်ပိုင် Chip တွေနဲ့အတူ ဂေဟစနစ်ကိုဦးတည်ထားတဲ့ “မိသားစု” Chip ပုံစံဆီ ဖော်ဆောင်နိုင်တော့မယ်လို့ ယုံကြည်ရပါတယ်။ Apple အနေနဲ့ Cellular modem သစ်နဲ့ ထုတ်ကုန်တွေကို ဘယ်အချိန်မှာရောင်းချမယ်ဆိုတာကို အစီရင်ခံစာမှာ ဖော်ပြမထားပေမယ့်၊ လာမယ့်နှစ်အတွင်းမှာတော့ တိုးတက်မှုသတင်းတွေကို ဆက်တိုက်ဆိုသလို ကြားလာရဖွယ်ရှိနေပါတယ်။

Ref: GSM Arena

https://www.youtube.com/watch?v=9U8g3K4k4g4