Brand Directory က ပြုလုပ်တဲ့ သုတေသနအစီရင်ခံစာအသစ်မှာ Apple ဟာ ၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအမှတ်တံဆိပ်အဖြစ် သတ်မှတ်ဖော်ပြခြင်းခံထားရပါတယ်။ သုတေသနကုမ္ပဏီဟာ အမှတ်တံဆိပ်ရဲ့ တန်ဖိုးကို အမေရိကန်ဒေါ်လာ ၃၅၅.၁ ဘီလီယံ အဖြစ် တွက်ချက်သတ်မှတ်ထားတာလည်း တွေ့ရပါတယ်။

(ဒီတန်ဖိုးဟာ Brand Directory ရဲ့ တွက်ချက်မှုသက်သက်သာဖြစ်ပြီး ဈေးကွက်ရဲ့ အမှန်တကယ်ဦးဆောင်မှုကို ကိုယ်စားပြုခြင်းမရှိကြောင်း သတိပြုရပါမယ်။) ကမ္ဘာ့ တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ် ၁၀ ခုအဖြစ် 1-Apple, 2-Amazon, 3-Google, 4-Microsoft, 5-Walmart, 6-Samsung Group, 7-Facebook, 8-ICBC (Industrial and Commercial Bank of China), 9-Huawei, 10-Verizon တို့က အစဉ်လိုက် ရပ်တည်နေကြောင်း သိရပါတယ်။

Apple ရဲ့ အမှတ်တံဆိပ်တန်ဖိုးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၃၅% အထိ မြင့်တက်လာတာကို တွေ့မြင်ရပါတယ်။ ဒီနယ်ပယ်ထဲက အခြားအမှတ်တံဆိပ်တွေထဲမှာ အမြင့်ဆုံးတန်ဖိုးအဖြစ်လည်း စံချိန်တင်သွားတယ်လို့ ဆိုပါတယ်။ Apple ဟာ ဒီ ၂၀၂၂ ခုနှစ်အစပိုင်းမှာလည်း အောင်မြင်မှုနဲ့ စတင်ခဲ့ပြီး ဈေးကွက်တန်ဖိုးရဲ့ အမေရိကန်ဒေါ်လာ ၃ ထရီလီယံကို ရောက်ရှိတဲ့ ပထမဆုံး ကုမ္ပဏီလည်း ဖြစ်လာခဲ့တာပါ။

Google ကတော့ တတိယ တန်ဖိုးအရှိဆုံး အမှတ်တံဆိပ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ၃၈% တိုးတက်လာပြီး အမေရိကန်ဒေါ်လာ ၂၆၃.၄ ဘီလီယံ တန်ဖိုးရှိပါတယ်။ ကုမ္ပဏီဝင်ငွေအများစုဟာ ကြော်ငြာတွေကတစ်ဆင့် ရရှိတာဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ကူးစက်ကပ်ရောဂါအစပိုင်းမှာ စီးပွားရေးလုပ်ငန်းတွေ ကမောက်ကမဖြစ်ပြီး ကြော်ငြာသုံးစွဲမှုလည်းကျဆင်းသွားတဲ့အတွက် ဝင်ငွေထိခိုက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးက ကပ်ရောဂါဘေးနဲ့ လိုက်လျောညီထွေဖြစ်အောင်ပြုပြင်နေထိုင်လာတဲ့နောက် အွန်လိုင်းကမ္ဘာပေါ်မှာမှီခိုမှုပိုမိုများပြားလာပြီး Google အနေနဲ့လည်း လုပ်ငန်းတွေပြန်လည်ကောင်းမွန်လာပါတော့တယ်။

Samsung ကတော့ အဆင့် ၆ နေရာမှာရပ်တည်နေပြီး တန်ဖိုးအရှိဆုံးအမှတ်တံဆိပ်စာရင်းမှာပါဝင်တဲ့ တစ်ခုတည်းသော ကိုရီးယားအမှတ်တံဆိပ်တစ်ခုလည်း ဖြစ်ပါတယ်။ တောင်ကိုရီးယားအခြေစိုက်ကုမ္ပဏီဟာ ၂၀၂၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၀၇.၃ ဘီလီယံ ရှိလာပြီး လွန်ခဲ့တဲ့နှစ်ကထက် ၅% တိုးတက်လာတာ ဖြစ်ပါတယ်။ ဒါဟာ အာရှ−ပစိဖိတ်ဒေသတွင်း တန်ဖိုးအရှိဆုံး အမှတ်တံဆိပ်အဖြစ် ကာလကြာရှည်ရပ်တည်နေမှုကို ဆက်လက်ကာကွယ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Ref: GSM Arena