၂၀၂၀ အတွက် ပထမဆုံး iPhone အဖြစ် iPhone SE ကို တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ မူလက iPhone 9 အဖြစ် နာမည်ကြီးခဲ့တဲ့ ဒီဟန်းဆက်ဟာ iPhone SE (2016) နဲ့ iPhone 8 ရဲ့ အငွေ့အသက်တွေ အပြည့်အဝ ပါဝင်နေတာကတော့ မျက်မြင်ပဲ ဖြစ်ပါတယ်။

ဝမ်းနည်းစရာကောင်းတာကတော့ iPhone SE (2020) ထွက်လာတဲ့အတွက် iPhone 8 က ရပ်တန့်ပေးရတော့မယ့် အဖြစ်မှန်ပါပဲ။ ဟုတ်ပါတယ်။ Apple ဟာ iPhone 8 တွေရောင်းချတာကို ရပ်တန့်လိုက်တော့မှာပါ။ အဓိပ္ပါယ်ကတော့ ကုမ္ပဏီအနေနဲ့ iPhone 8 ကို သူတို့ရဲ့ ထုတ်လုပ်မှုကွင်းဆက်ကနေ ဖယ်ထုတ်တော့မှာ ဖြစ်ပါတယ်။

လက်တွေ့ကျကျကြည့်မယ်ဆိုရင်လည်း iPhone SE (2020) ဟာ iPhone 8 ကို အခြေခံပြီးနောက်ဆုံးပေါ် Chipset ဖြစ်တဲ့ A13 ကိုသုံးထားပြီး ပိုကောင်းတဲ့ ကင်မရာဆော့ဖ်ဝဲပိုင်းလည်း ထောက်ပံ့ပေးထားတာကြောင့် သုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှုဟာ iPhone 8 ပေါ်မှာ လျော့နည်းသွားမှာ အသေအချာပဲဖြစ်ပါတယ်။

နောက်တစ်ချက်က iPhone SE (2020) ဟာ ဈေးနှုန်းပိုင်းမှာလည်း iPhone 8 ထက်ပိုပြီး သက်သာပါတယ်။ အရောင်ပိုင်းမှာလည်း ရွေးချယ်စရာတွေ ရှိပါတယ်။ ဒီအချက်တွေက သုံးစွဲသူတွေအတွက် ဆုံးဖြတ်ရတာ လွယ်ကူစေသလို ကုမ္ပဏီအနေနဲ့လည်း ထုတ်ကုန်သစ်အတွက်ပိုအာရုံစိုက်ပြီး ထုတ်ကုန်ဟောင်းအတွက် အချိန်ကုန်ခံစရာမလိုဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ ချမှတ်နိုင်မှာပဲ ဖြစ်ပါတယ်။

iPhone 8 တင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ကုမ္ပဏီက iPhone 8 Plus ကိုလည်း ရောင်းတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့နေရာမှာဆက်ခံဖို့ “iphone SE Plus” ထုတ်မှာလားဆိုတော့လည်း မဟုတ်ပါဘူး။ နောက်တစ်ချက်က iPhone 8 Plus ကို ကုမ္ပဏီကမရောင်းတော့ဘူးဆိုပေမယ့် ဈေးကွက်ထဲမှာရှိနေတဲ့ လက်လီစတိုးတွေကတော့ ကုန်ပစ္စည်းလက်ကျန်ရှိနေသ၍ ဆက်ပြီးရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြာကြာ ဆက်ရောင်း နေနိုင်မလဲဆိုတာတော့ မသိနိုင်ပါဘူး။

Ref: GSM Arena