COVID-19 ခေါ် ကိုရိုနာဗိုင်းရက်စ်ဟာ စမတ်ဖုန်း လောကကို တော်တော်မွှေနေပြီး စမတ်ဖုန်း အသစ်တွေ ထုတ်လုပ်ဖို့ အခက်အခဲများစွာ ရင်ဆိုင်နေရပါတယ်။ Apple အတွက် မြင်ကွင်းကျယ် ကင်မရာတွေ အဓိက ထုတ်လုပ်ပေးနေတဲ့ Yujingguang မှ ကုမ္ပဏီဟာ Apple မှာယူထားသလောက် မထုတ်လုပ်ပေးနိုင်တော့ဘူးလို့ သိရပါတယ်။ အဲဒီအတွက် Apple ဟာ မြင်ကွင်းကျယ် ကင်မရာ ထုတ်လုပ်ပေးမယ့် ကုမ္ပဏီ အသစ်တွေကို ရှာဖွေနေတယ်လို့ သတင်းထွက်လာပါတယ်။

Apple ရဲ့  Supplier ဟာ မှာယူထားတာရဲ့ ၃၀ ကနေ ၄၀ ရာခိုင်နှုန်းအတွင်းပဲ ထုတ်လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ တရုတ်က မြို့တော်တော်များများမှာ စက်ရုံ ၊ အလုပ်ရုံတွေကို ပိတ်ထားတဲ့အတွက် တခြား ကုမ္ပဏီများစွာလည်း ဒီလို အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။ Apple ရဲ့ အဓိက Supplier သာ လုပ်ငန်း လုံးဝ ရပ်နားသွားမယ်ဆိုရင် iPhone ထုတ်လုပ်မှု အခက်အခဲ မဖြစ်အောင် Apple က ကုမ္ပဏီ အသစ်တွေ ရှာဖွေနေတာ ဖြစ်ပါတယ်။

ကိုရိုနာ ဗိုင်းရက်စ်ကြောင့် Apple ဟာ ဇန်နဝါရီလနဲ့ မတ်လ ကွာတားမှာ ဝင်ငွေ နည်းသွားမယ်လို့ တွက်ချက်ထားပါတယ်။ တရုတ်က Apple ရဲ့ စတိုးဆိုင်တွေကို ဗိုင်းရက်စ် စတင်ကူးစက်ချိန်ကတည်းက ပိတ်ထားခဲ့ရပါတယ်။ အဲဒီနောက်မှာ စတိုး တစ်ဝက်လောက်ကို ပြန်ဖွင့်ခဲ့ပေမယ့် ဖွင့်ချိန်ကို လျှော့ချထားသလို ဗိုင်းရက်စ် ကာကွယ်ရေး အစီအစဉ်တွေလည်း ပြုလုပ်ထားပါတယ်။

Ref : gsmarena