ကိုရိုနာဗိုင်းရက်စ်ဟာ တစ်ကမ္ဘာလုံးကို ကူးစက်နေပြီး ကုမ္ပဏီတွေဟာ ဗိုင်းရက်စ် နှိမ်နင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ Apple နဲ့ Google တို့ ပူးပေါင်းပြီး ဗိုင်းရက်စ် ခြေရာခံမယ့် နည်းလမ်းကို ဖန်တီးမယ်လို့ မကြာခင်က ကြေညာခဲ့ပါတယ်။ အခုတော့ Apple Maps မှာ COVID-19 စစ်ဆေးနိုင်မယ့် အမေရိကန်က တည်နေရာတွေကို မကြာခင် ပြသမယ်လို့ ကြေညာလိုက်ပါတယ်။ အမေရိကန်ဟာ လက်ရှိမှာ ဗိုင်းရက်စ် ကူးစက်မှု အများဆုံး ဖြစ်နေပြီး ကူးစက်ခံရသူ ၅ သိန်းနဲ့ သေဆုံးသူ ၁၈,၀၀၀ ကျော် ရှိနေပါတယ်။

Apple Maps မှာ ဗိုင်းရက်စ် စစ်ဆေးနိုင်မယ့် တည်နေရာ အသေးစိတ်ကို ပြသမှာပါ။ လက်ရှိမှာလည်း ဗိုင်းရက်စ် စစ်ဆေးပေးတဲ့ ဆေးရုံတွေနဲ့ ကျန်းမာရေး ဌာနတွေကို ပံ့ပိုးပေးထားပါတယ်။ တည်နေရာ အသစ်တွေ ပေါ်လာရင် Apple က စိစစ်ပြီး မြေပုံမှာ ပြသပေးမှာပါ။ တည်နေရာတွေကို အနီရောင် Medical Sign နဲ့ ဖော်ပြထားမှာ ဖြစ်သလို “COVID-19 Test Location “ Card နဲ့ ထင်ထင်ရှားရှား မြင်ရမှာပါ။

ဗိုင်းရက်စ် စစ်ဆေးပေးတဲ့ တည်နေရာ နာမည်၊ ဖုန်းနံပါတ်နဲ့ ဝက်ဘ်ဆိုက်တွေနဲ့အတူ ဆေးရုံ၊ ဓါတ်ခွဲခန်း စသဖြင့် တည်နေရာ အမျိုးအစားတွေကို ပံ့ပိုးပေးမှာပါ။ ဒါ့အပြင် လမ်းပိတ်ဆို့မှု အခြေအနေ၊ ကားပါကင်နဲ့ အဆောက်အဦး အခြေအနေတွေကို သတင်းပေးထားမှာပါ။  လက်ရှိမှာ အမေရိကန်မှာပဲ ဒီသတင်းအချက်အလက်တွေကို ပြသပေးမှာ ဖြစ်ပြီး နောက်ပိုင်းမှာ တခြား နိုင်ငံတွေအတွက်လည်း ပံ့ပိုးပေးနိုင်ပါတယ်။

Apple နဲ့ Google တို့ဟာ ဗိုင်းရက်စ်ကူးစက်မှု ကွင်းဆက်တွေကို ခြေရာခံနိုင်တဲ့ နည်းစနစ်ကို ဖန်တီးကြမှာပါ။ ကုမ္ပဏီ ၂ ခုဟာ မေလမှာ APIs ထုတ်ပေးမှာ ဖြစ်ပြီး ဒီစနစ်ကို Android နဲ့ iOS ၂ မျိုးစလုံးမှာ အသုံးပြုနိုင်မှာပါ။ အဲဒီ App တွေကို iTunes App Store နဲ့ Google Play Store မှာ တင်ပေးမှာပါ။

Ref : gizchina