Apple ဟာ ယခုနှစ် စက်တင်ဘာလအတွင်းမှာ မိတ်ဆက်ခဲ့တဲ့ iPhone 14 Series ဖုန်းတွေထဲမှာ ယခင်နှစ်တွေတုန်းကနဲ့ မတူညီတဲ့ပြောင်းလဲမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ iPhone 14 mini အစား Screen Size ပိုကြီးမားတဲ့ 6.7″ Display ပါဝင်တဲ့ iPhone 14 Plus ကို ပြောင်းလဲမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

iPhone 14 Plus ဟာ စျေးကွက်အတွင်းမှာ ပြီးခဲ့တဲ့အောက်တိုဘာလထဲက စတင်ရောင်းချခဲ့တာဖြစ်ပေမယ့် အခုအချိန်အထိ Apple ကနေ မျှော်မှန်းထားသလိုမျိုး ရောင်းအားမကောင်းနေဘဲ ရောင်းအားအနည်းဆုံး iPhone 14 Series ဖုန်းတစ်လုံးဖြစ်လာခဲ့ပါတယ်။ Apple ဟာ iPhone 14 Plus မရောင်းချရတဲ့အတွက် ထုတ်လုပ်မှုတွေကိုပါ ဆက်တိုက်လျော့ချနေရပါတယ်။

အခုလည်း Apple ကနေ iPhone 14 Plus ဖုန်းတွေရဲ့ ရောင်းအားကို အနည်းငယ်ပြန်တက်လာစေဖို့အတွက် နည်းလမ်းတွေကို စဥ်းစားနေတယ်လို့ သိရပြီးတော့ စျေးနှုန်းကို လျော့ချပြီး ရောင်းချမယ့်အစီအစဥ်လည်း ပါဝင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ iPhone 14 Plus ဖုန်းကို $899 နဲ့ ရောင်းချနေတာဖြစ်ပြီး iPhone 14 Pro ဖုန်းက $999 ကနေ စတင်တာကြောင့် $100 ပိုပေးပြီး iPhone 14 Pro ကိုပဲ အသုံးပြုသူတွေက ရွေးချယ်ဝယ်ယူနေတာဖြစ်ပါတယ်။

တကယ်လို့ iPhone 14 Plus ကို $100 ဝန်းကျင်အထိ စျေးလျော့ပြီး ရောင်းချမယ်ဆိုရင်လည်း iPhone 14 ဟာ $799 နဲ့ ရောင်းချနေတာကြောင့် iPhone 14 ကိုပါ စျေးလျော့သွားမလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ Apple အနေနဲ့ iPhone 12 mini ၊ iPhone 13 mini တွေထက် ရောင်းအားပိုကောင်းဖို့ မျှော်လင့်ပြီး iPhone 14 Plus ကို မိတ်ဆက်လိုက်ပေမယ့် အခုလိုမျိုး ထင်သလိုမဖြစ်လာတဲ့အတွက် နောက်နှစ်မှာ iPhone 15 Plus ကို မိတ်ဆက်မယ့်အစီအစဥ်ကိုပါ ဖျက်သိမ်းနိုင်ဖွယ်ရှိနေပါတယ်။

Ref – Mac World