Apple ဟာ ပြီးပြည့်စုံတဲ့ ရှာဖွေရေးအင်ဂျင်နဲ့ သက်ဆိုင်တဲ့ စီမံကိန်းအသစ်တစ်ခုကို လုပ်ဆောင်နေတာ ဖြစ်နိုင်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။ ဒီသတင်းက Developer အမြောက်အများကတစ်ဆင့် ထွက်ပေါ်လာတာဖြစ်လို့ စိတ်ဝင်စားစရာ ကောင်းပါတယ်။

Apple ရဲ့ Applebot ဟာ Developer တွေရဲ့ ဝက်ဘ်ဆိုက်မှာ ဝင်ရောက်လှုပ်ရှားမှုအကြိမ်ရေများလာတာကို တွေ့မြင်သတိပြုမိလာတာကတစ်ဆင့် ဒီသတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ သူ့ရဲ့ စီးပွားဖြစ် ရှာဖွေရေးအင်ဂျင်ကို လုပ်ဆောင်နေတယ်လို့ ဆိုကြပေမယ့် တစ်ဘက်မှာလည်း Siri နဲ့ Spotlight ရှာဖွေမှုရလဒ်တွေ တိုးတက်နေဖို့လည်း အာရုံစိုက်နေတာကို တွေ့မြင်ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Applebot ရဲ့ လှုပ်ရှားလုပ်ဆောင်မှုတွေဟာ သိသိသာသာ တိုးတက်များပြားလာတယ်လို့လည်း MacRumors က ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီသတင်းဟာ တွစ်တာကို ရောက်ရှိပြီး ခေါင်းစဉ်အမျိုးမျိုးနဲ့ ဝေမျှနေကြသလို၊ ကိုယ်စီထင်မြင်ချက်တွေလည်း အမျိုမျိုးပေးနေကြတာကြောင့် လတ်တလောမှာ ရေပန်းစားတဲ့ သတင်းတစ်ပုဒ် ဖြစ်နေပါတယ်။

Coywolf ရဲ့ တည်ထောင်သူ Jon Henshaw ကတော့ သူ့ရဲ့ ဝက်ဘ်ဆိုက်ကို Apple web crawler က ပုံမှန်ဆိုသလို ရောက်ရှိနေတာကို သတိပြုမိကြောင်း သူ့ရဲ့ Blog မှာ ရေးသားဖော်ပြခဲ့ပါတယ်။ Applebot ဟာ အခြားသော Web crawler နဲ့ ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ Web ကို Scan ဖတ်ပြီး ရှာဖွေမှုရလဒ်တွေကို ဘယ်လိုအဆင့် သတ်မှတ်မလဲဆိုတာကို ဆုံးဖြတ်ပါတယ်။ ဒါဟာ အသုံးပြုသူရဲ့ ပါဝင်မှု၊ သက်ဆိုင်မှုနဲ့ အခြားအချက်အလက်တွေပေါ်မှာလည်း မူတည်ပါတယ်။

တစ်ဘက်ကစဉ်းစားကြည့်မယ်ဆိုရင်တော့ Apple ဟာ အခုအချိန်မှာ ကြော်ငြာတွေမပါဘဲ အလုပ်လုပ်နိုင်တဲ့၊ သီးသန့်တည်ရှိတဲ့ အမှတ်တံဆိပ်ဖြစ်နေတာကြောင့် ရှာဖွေရေးအင်ဂျင်ကို တီထွင်ဖန်တီးဖို့ အာရုံစိုက်ဖို့လိုအပ်ပါ့မလားဆိုတဲ့ မေးခွန်းလည်း ရှိနေပါသေးတယ်။ ဒါပေမယ့် DuckDuckGo လိုမျိုး ကြော်ငြာဝင်ငွေ၊ ဒါမှမဟုတ် အချက်အလက်အခြေပြုစီးပွားရေးပုံစံမရှိဘဲ လည်ပတ်နေတဲ့ ရှာဖွေရေးအင်ဂျင်တွေရှိနေတာကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။

Ref: Gizmochina