Apple ဟာလက်ရှိအချိန်မှာ MacBook Air နဲ့ 13-inch MacBook Pro တွေကို ကိုယ်ပိုင် Apple M1 Chip နဲ့ စတင်ရောင်းချနေပြီဖြစ်ပါတယ်။ လောလောဆယ်ထွက်ရှိထားတဲ့သတင်းတွေအရ အဆိုပါ Apple M1 Chip ဟာ စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာကို ပိုကောင်းလာသလို Battery Life ပိုင်းမှာလည်း အားရဖို့ကောင်းနေတာဖြစ်ပါတယ်။

MacBook Air with M1 Chip ဟာဆိုရင် လက်ရှိအချိန်မှာ အနိမ့်ဆုံး RAM 8GB ၊ 256GB SSD Model ကို $999 နဲ့ရောင်းချနေတာဖြစ်ပြီး ကျောင်းသုံးအတွက်ဆိုရင် $100 လျော့ပေးနေတာဖြစ်ပါတယ်။ အခုလည်း Apple ကနေ ကျောင်းသုံးအတွက် သီးသန့် $799 (မြန်မာငွေ ၁၀ သိန်း ၅ သောင်းဝန်းကျင်) နဲ့ MacBook Air with M1 Chip ကို တိတ်တဆိတ်မိတ်ဆက်လိုက်ပါပြီ။

အဆိုပါ MacBook Air အသစ်ဟာ လက်ရှိ $999 နဲ့ ရောင်းချနေတဲ့ MacBook Air နဲ့အကုန်လုံးဆင်တူမှာဖြစ်ပြီး ကွာခြားချက်အနေနဲ့ 256GB SSD အစား 128GB SSD ပဲ ပါဝင်မှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကျောင်းသုံးအတွက်ဆိုတာကို သက်သေပြနိုင်မှပဲ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ အရောင်အနေနဲ့လည်း Silver ၊ Space Gray နဲ့ Gold ဆိုပြီး ရွေးချယ်နိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် MacBook Air ဟာ ပုံမှန်စျေးဖြစ်တဲ့ $999 မှာတောင် တော်တော်လေးကို ပေးရတာနဲ့တန်တဲ့ စွမ်းဆောင်ရည်ကို ပြန်ရနေတာဖြစ်တဲ့အတွက် အခုလိုမျိုး $799 နဲ့ ဝယ်ယူနိုင်မယ်ဆိုတာက တခြားသော Windows Laptop တွေထက်တောင် ပိုတန်နေတာဖြစ်ပါတယ်။

Ref – Gizmo China